ဖားကန့်မှာ စစ်တပ်နဲ့ KIA တိုက်ပွဲဖြစ် လေကြောင်းကနေ တိုက်ခိုက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ်ဂျန်အောင်လျဲန် စစ်ကောင်စီတပ်စခန်းတစ်ခုကို နိုဝင်ဘာ ၁၄ ရက်၊ မနေ့က မနက်ပိုင်းက ကချင်လွတ်မြောက်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
အဲဒီစခန်း သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က နမ်ဂျန်အောင်လျဲန်ဘက်နှင့် KIA တပ်မဟာ (၉) နယ်မြေဘက်ကို မနေ့က ဂျက်လေယာဉ်တွေနဲ့ ပြန်ပြီး တိုက်ခိုက်ခဲ့တယ်လို့လည်း ဗိုလ်မှူးကြီး နော်ဘူ က ဆိုပါတယ်။
"သွားတိုက်တာက စခန်း သုံးခု ဟုတ်တယ်။ နမ်ဂျန်အောင်လျဲန်ဆိုတဲ့ စခန်းတစ်ခုကို သိမ်းနိုင်ခဲ့တယ်။ အဲစခန်းမှာတော့ သူတို့အင်အား ၃၀ လောက်တော့ ရှိမယ်ထင်တယ်"
ဖားကန့်မြို့နယ် ကံဆီးတစ်ဘက်ကမ်း နမ်ဂျန်အောင်လျဲန်၊ ဆိုင်းဂျာ၊ ဂါခရန် စတဲ့ စစ်ကောင်စီတပ်စခန်း သုံးခုကို KIA က နိုဝင်ဘာလ ၁၄ ရက် မနက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး နမ်ဂျန်အောင်လျဲန် စခန်းတစ်ခုကိုပဲ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မနေ့က တိုက်ပွဲဖြစ်ပြီးနောက် ဖားကန့်က စစ်တပ်ဗျူဟာကနေလည်း လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့သလို ဂျက်လေယာဉ်နဲ့လည်း သုံးကြိမ်အထိ ပစ်ခတ်ခဲ့တယ်လို့ ဖားကန့်ဒေသခံ ကိုနော်က ဆိုပါတယ်။
ဒီနေ့မနက် နိုဝင်ဘာ ၁၅ ရက်မှာတော့ တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ စစ်ကောင်စီဘက်ကတော့ အဲဒီ တိုက်ပွဲသတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
ကချင်ပြည်နယ်ထဲက ဖားကန့်၊ တနိုင်း၊ ဗန်းမော်၊ မိုးမောက်၊ ဝိုင်းမော် စတဲ့ မြို့နယ်တွေမှာ စစ်တပ် အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီတပ်နှင့် KIA တို့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။