တနိုင်း - ရှင်ဗွေလမ်းပေါ်မှာ စစ်ကောင်စီနဲ့ KIA တိုက်ပွဲဖြစ်

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် တနိုင်းမြို့နယ်၊ တနိုင်း - ရှင်ဗွေလမ်းမပေါ်မှာရှိတဲ့ တရုန်ကျေးရွာနဲ့ တခက်ကျေးရွာကြားက ဆက်သွယ်ရေး တာဝါတိုင်အနီးမှာ စက်တင်ဘာလ ၁၅ ရက် ဒီနေ့ မနက် ၆ နာရီ ဝန်းကျင်ကစပြီး စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ် လို့ ဒေသခံတွေက ပြောပါတယ်။
တရုန်ကျေးရွာနဲ့ တခက်ကျေးရွာကြားမှာ စစ်ကောင်စီတပ်ကို KIA က ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ရင်း တိုက်ပွဲ ဖြစ်ခဲ့တာလို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အဖွဲ့ဝင်တစ်ဦးက RFA ကိုအတည်ပြုပါတယ်။
တရုန်ကျေးရွာမှာ လက်ရှိစစ်ကောင်စီက အင်အားအများအပြားနဲ့ တပ်စွဲထားသလို ဒီကနေ့ မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်သား ၂၀၀ လောက် တခက်ကျေးရွာဘက်သို့ တက်လာခဲ့ချိန် KIA က ကြားဖြတ် တိုက်ခိုက် ခဲ့တာ ဖြစ်ပြီး နှစ်ဘက် ထိခိုက်သေဆုံးမှုကိုတော့ အသေးစိတ်မသိရသေးပါဘူး။
မိုင်း (၃၀) ကျော်ရှည်လျားတဲ့ တနိုင်း - ရှင်ဗွေယန်လမ်းပေါ်မှာ စက်တင်ဘာလ ပထမပတ်လောက်ကစပြီး စစ်ကောင်စီတပ်နဲ့ KIA တို့ မကြာခဏ တိုက်ပွဲဖြစ်ခဲ့တာတွေရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တိုက်ပွဲအခြေအနေ အသေးစိတ်ကို သိရဖို့ KIA ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူနဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းတို့ကို RFA က ညနေပိုင်းအထိ တယ်လီဖုန်းနဲ့ ခေါ်ဆိုခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ကချင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ KIA တို့အကြား တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် တစ်သောင်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ အကူအညီပေးနေသူတွေက ပြောထားပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီ ၁ ရက်ကနေ ပြီးခဲ့တဲ့ ဇူလိုင်လကုန်အထိ ခြောက်လတာ ကာလအတွင်း စစ်ကောင်စီနဲ့ KIA တို့အကြား တိုက်ပွဲပေါင်း ၃၃၆ ကြိမ် ဖြစ်ခဲ့တယ်လို့ ကချင်နိုင်ငံရေးဆိုင်ရာ ကြားဖြတ်ပူးပေါင်း ဆောင်ရွက်ရေးအသင်း (KPICT) က ဩဂုတ်လထဲမှာ စာရင်းထုတ်ပြန်ထားပါတယ်။