ကချင် ပူတာအိုခရိုင် တိုက်ပွဲ ဒေသခံထောင်နဲ့ချီ ထွက်ပြေး
2015.07.16

ကချင်ပြည်နယ် ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့နယ်မှာ အစိုးရတပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၇ တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ တစ်ထောင်ကျော်လောက် ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့ကစပြီး ဒီနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ကျေးရွာ ၅ရွာလောက် က ဒေသခံတွေဟာ မလိခမြစ်အရှေ့ဘက်ကမ်းကို ထွက်ပြေးသွားကြတယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင် ဦးဆန်းအောင်က ပြောပါတယ်။
"တိုက်ပွဲဖြစ်နေတာ တစ်ပတ်ကျော်လောက်ရှိပြီ၊ လေယာဉ်တွေနဲ့လည်း တိုက်တယ်၊ နောက်ဆုံးအခြေအနေ ကတော့ ရွာသားတွေတော်တော်များများ လွတ်ရာကိုထွက်ပြေးရတယ်၊ အဲ့မှာကေအိုင်ကေဘက်က အုပ်ချုပ်ရေးပိုင်းကလူတွေက ကယ်ဆယ်ထားတယ်"
အစိုးရတပ်မတော်ဘက်က ခလရ ၂၉၊ ခလရ ၁၃၇၊ ခလရ ၁၃၈ စတဲ့ တပ်ရင်းတွေနဲ့ ကေအိုင်အေတပ်ရင်း ၇ ဟာ မလိခမြစ် အနောက်ဘက်ကမ်းမှာ တိုက်ပွဲတွေဖြစ်နေတာ မှန်ကန်ကြောင်း ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနရုံးက တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောပါတယ်။
တိုက်ပွဲအတွင်း ကေအိုင်အေရှေ့တန်းစခန်း ၂ ခု ဆုတ်ခွာပေးလိုက်ရတယ်လို့လည်း သိရပါတယ်။ ဆွမ်ပရာဘွမ်မြို့နယ်မှာ လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြတဲ့ ဒေသခံတွေကို ကူညီပေးဖို့အတွက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က စီစဉ်နေပါတယ်။