အစိုးရတပ်မတော်နဲ့ ကေအိုင်အေ ဖားကန့်မှာ စစ်ရေးတင်းမာ
2018.04.07
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ အစိုးရတပ်မတော်နဲ့ ကေအိုင်အေတို့အကြား စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနိုင်ဖွယ်ရှိတယ်လို့ ကေအိုင်အေ ပြောရေးဆိုခွင့်ရှိသူက ဒီနေ့ ပြောပါတယ်။
မနေ့က ဖားကန်မြို့နယ် တံတားညီနောင်ရွာမှာ နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးနောက် စစ်ရေးတင်းမာနေတဲ့ အခြေအနေတွေကို KIA က ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နော်ဘူက အခုလို ပြောပါတယ်။
"စစ်ရေးကတော့ တင်းမာတယ်လို့ ပြောလို့ရပါတယ်၊ တိုက်ပွဲကတော့ ပြန်လည်ဖြစ်မယ့် အနေအထားရှိတယ် လို့တော့ ကျနော် ပြောလို့ရပါတယ်၊ တပ်မတော်ဖက်ကလည်း ဒီဖားကန့် ဧရိယာအားလုံးကို နယ်မြေစိုးမိုးရေး လုပ်ချင်တယ်ဆိုတော့ အဲဒီဘက်မှာ KIA တွေအကုန်လုံး မမြင်ချင်တဲ့သဘောမျိုးရှိပါတယ်၊ ဆိုတော့ တိုက်ပွဲ ကတော့ ပြန်ဖြစ်လာနိုင်မယ့် အလားအလာတော့ ပိုများလာမယ်လို့ရှိပါတယ်"
တံတားညီနောင်ရွာမှာ မနေ့က အစိုးရတပ်မတော်နဲ့ KIA တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံတစ်ရာကျော်ဟာ နီးစပ်ရာရွာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။။
"ရွာသားတွေက ကြောက်နေကြတယ်ပေါ့၊ ရွာသားတွေက နေ့လည်ပိုင်းတော့ နည်းနည်းပါးပါးရှိသေးတယ်၊ ကိုယ့်အိမ်ကိုယ် နေနေကြသေးတယ်၊ ညပိုင်းဆိုရင်တော့ ကမ်းမော်အုပ်စုရွာကြီးမှာပေါ့၊ ကမ်းမော်နဲ့ ဆိုင်းဆော် ရွာ ဘုန်းကြီးကျောင်းမှာ မနေ့က ကျနော် သွားကြည့်တော့ ၅၀ ကျော်၊ ဘာသာရေး ကျောင်းမှာလည်း ၃၀ ကျော်လောက်၊ အယောက် ၁၀၀ လောက် တိမ်းရှောင်နေကြတာပေါ့"
မနေ့က မနက် ၅ နာရီခွဲလောက်မှာ KIA နဲ့ အစိုးရတပ်မတော်တို့ တံတားညီနောင်ရွာထဲက စာသင်ကျောင်းမှာ အပြန်အလှန်ပစ်ခတ်ခဲ့ကြတာလို့ သိရပါတယ်။
အစိုးရတပ်မတော်ဖက်က ဗိုလ်မှူးတစ်ဦးအပါအဝင် ၆ ဦး ကျဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တဲ့အတွက် ပြည်သူ့စစ်အဖွဲ့တွေနဲ့ တပ်မတော်သားတွေက သယ်ဆောင်သွားကြတယ်လို့ ပြန်လည်သယ်ဆောင်နိုင်ရေး ကူညီပေးလိုက်တဲ့ဒေသခံက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီး နေ့လည် ၂ နာရီလောက်မှာတော့ တပ်မတော်ဖက်က လေယာဉ်နှစ်စင်းနဲ့ လာရောက်ပစ်ခတ်ခဲ့ တယ်လို့လည်း ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားချိန်အတွင်း မနက်ပိုင်းကစပြီး ဖားကန့်ဘက်သွားရာလမ်း နမ့်တိန်းကနေ နမ့်ယန်းကြားမှာ ကားတွေ သွားလာလို့မရခဲ့ဘဲ ညနေပိုင်းမှာတော့ ပုံမှန်ပြန်လည်သွားလာကြတယ်လို့ သိရပါတယ်။
မနေ့ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားတာတော့ မရှိသေးပါဘူး။