အင်းတော်ကြီးဒေသအနီးမှာ တပ်မတော်နဲ့ KIA တိုက်ပွဲပြင်းထန်
2018.04.12
ကချင်ပြည်နယ် အင်းတော်ကြီးဒေသအနီး အိုင်လေးတူရွာရဲ့ မြောက်ဘက် ၃ မိုင်အကွာမှာ တပ်မတော်နဲ့ ကေအိုင်အေတို့ ဧပြီ ၁ဝ ရက်ကစပြီး ဒီကနေ့မနက်ပိုင်းအထိ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေရာမှာ တိုက်ပွဲအတွင်း ဒေသခံရွာသား ၆ ယောက် ပျောက်ဆုံးနေပါတယ်။
အဲဒီအထဲက ၁ ယောက်က ထွက်ပြေးလွတ်မြောက်လာပြီး ကျန် ၅ ယောက်က ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ အိုင်လေးတူရွာသားတစ်ဦးက ဒီကနေ့ ညနေပိုင်းမှာ ပြောပါတယ်။
"အိုင်လေးတူဘက် အဲဒီမှာပဲ ဖြစ်ကြတာ ဒီကနေ့တမနက်လုံး၊ စစ်ကြောင်းနဲ့တွေ့လို့ ခေါ်သွားလား၊ ဒါမှမဟုတ် ကေအိုင်အေနဲ့တွေ့လို့များ လမ်းမှာခေါ်သွားသလားမသိဘူး။ အခုက ဘယ်မှာလဲ ဖုန်းဆက်လို့မရဘူး။ ဘယ်မှာလဲ စုံစမ်းလို့မရသေးဘူး။ အခုက ပျောက်နေတာ။ ဘာမှ သတင်းမရသေးဘူး။ စုံစမ်းလို့ မရသေးဘူး။ ရှမ်းနီ တိုင်းရင်းသားတွေချည်းပဲ။ လယ်သမားတွေဗျ။ ဒီနေ့မနက်ဆိုရင် တောထဲမှာနေတဲ့လူတွေကို အကုန်လုံး၊ လယ်တောမှာနေတဲ့သူတွေကို အကုန်လုံး လိုက်ခေါ်ကြတယ်။ ဖြစ်တာတော့ ထိတ်လန့်ကြတယ်။ ဒါပေမဲ့ သတိဝိရိယနေကြတာပါ့ အားလုံး"
လက်ရှိစာရင်းအရ ပျောက်ဆုံးနေတဲ့ အိုင်လေးတူ ရွာသား ၅ ယောက်မှာ ၁ ဦးက ထွက်ပြေးလာလို့ ၄ ယောက် ကျန်နေပြီး၊ မပြင် ရွာသား ၁ ယောက်နဲ့ဆိုရင် စုစုပေါင်း ၅ ယောက် ပျောက်ဆုံးနေတာဖြစ်ပါတယ်။
အစိုးရ တပ်မတော် တပ်မ ၁ဝ၁ လက်အောက်ခံတပ်တွေနဲ့ ကေအိုင်အေ တပ်ရင်း ၆ တို့အကြား ဒီကနေ့မနက်ပိုင်း ၇ နာရီနဲ့ ၉ နာရီကြားမှာ တိုက်ပွဲဖြစ်ခဲ့တာကြောင့် အနီးအနားမှာနေထိုင်ကြတဲ့ တောင်သူတွေဟာ မပြင် နဲ့ အိုက်လေးတူ စတဲ့ ရွာတွေဘက်ကို တိမ်းရှောင်နေကြရပါတယ်။
မိုးကောင်းမြို့နယ် နမ္မတီးမြို့နယ် သူဋ္ဌေးကုန်းရွာမှာ ဒီကနေ့ နေ့လည်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက် ကွဲလို့ နွား ၁ ကောင်သေပြီး နွား ၁ ကောင် ဒဏ်ရာရခဲ့တယ်လို့ နမ္မတီးရွာ ရပ်မိရပ်ဖ ဦးဝင်းဘိုက ပြောပါတယ်။ ဘယ်သူပစ်တဲ့ လက်နက်ကြီးဆိုတာတော့ မသိပါဘူး။
လက်နက်ကြီး ကျရောက်ပေါက်ကွဲတဲ့ ရွာအနီးမှာ အစိုးရတပ်မတော် ခမရ ၃၉ဝ နဲ့ အမှတ် ၃ စစ်ဆင်ရေးကွပ်ကဲမှု ဋ္ဌာနချုပ် စကခ - ၃ အခြေစိုက်ထားတာဖြစ်ပါတယ်။
ကချင်ပြည်နယ်မှာ ကာလကြာရှည်စွာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း တပ်မတော်နဲ့ ကေအိုင်အေ နှစ်ဘက်လုံး ကပစ်ခတ်တဲ့ လက်နက်ကြီး၊ လက်နည်ငယ်မျိုးစုံဒဏ်ကြောင့် ဒေသခံတိုင်းရင်း သားပြည်သူတွေ ထိခိုက်သေဆုံးမှု နဲ့အတူ လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံကိုလည်း ခံနေကြရပါတယ်။