အရပ်သား ၄ဝ ကို ကေအိုင်အေ ဖမ်းဆီးသွား
2017.10.06
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ အခုရက်ပိုင်းအတွင်း ဒေသခံရွာသားတွေနဲ့ ငှက်ပျောခြံလုပ်သားတွေ အပါ အဝင် အယောက် ၄၀ လောက်ကို ကေအိုင်အေတပ်ရင်း ၃ က တပ်သားသစ်အဖြစ်ခိုင်းစေဖို့ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သတင်းရထားတယ်လို့ မြစ်ကြီးနား အခြေစိုက် PCG ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင် ဦးဆန်းအောင် က ပြောပါတယ်။
သီတင်းကျွတ် အခါကာလမှာ ကေအိုင်အေက ဖမ်းခေါ်သွားတာဖြစ်တာကြောင့် ပြန်လွတ်ပေးဖို့ ကေအိုင်အိုဗဟိုကို အကြောင်းကြားထားတယ်လို့ ဦးဆန်းအောင် က ဒီကနေ့ပြောပါတယ်။
"လူအယောက် ၄၀ လောက်မှာ ရှမ်းလည်း ငါးယောက်၊ ခြောက်ယောက် လောက်ပါတယ် လို့တော့ကြား ပါတယ်။ ကျွန်တော်တို့က လွတ်ပေးလိုက်လို့ သူတို့အခါကြီးလည်း ဖြစ်နေတဲ့အခါကျတော့ ကျနော်တို့က မနေ့ညမှ သိတာ။ ဘယ်နေရာမှာဖြစ်တယ်ဆိုတဲ့ဟာတွေရယ်။ သူ့ရဲ့ အချိန်အခါနေရာ အဲ့တာကိုကြည့် ပြီးမှ တခါတည်း ကျနော်တို့ အကြောင်းကြားပေးပါတယ်ခင်ဗျ။ ဘယ်လူမျိုးက ဘယ်လောက်ဆိုတာ ကတော့ အတိအကျတော့မသိဘူး။ အဲ့တာက လွှတ်ပေးဖို့ဆိုပြီးမှ ပြောတာ။ သီတင်းကျွတ်အချိန်နဲ့လည်း တိုက်နေတာမို့လို ဒီအချိန်မှာတော့ လွှတ်ပေးလိုက်ရင် ကောင်းမယ်ထင်တယ်လို့ဆိုပြီးမှ ကျနော်တို့က အဲဒီလို တင်ပြထားတယ်။"
ဖမ်းဆီးခံရသူတွေဟာ ဝိုင်းမော်မြို့နယ် ဆိုင်လော်၊ ကောင်ခမ်း စတဲ့ရွာတွေက ဒေခံရွာသားတွေအပါအဝင် ငှက်ပျောခြံလုပ်သားတွေ အယောက် ၆၀ လောက်ရှိတယ်လို့ သတင်းတွေထွက်နေပြီး RFA က အတိအကျရရှိတဲ့ အရေအတွက်က အဖမ်းခံထားရတဲ့ ရှမ်းရွာသား ၆ ယောက်ရဲ့ စာရင်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့ ညပိုင်းမှာ အင်အား ၃၀ လောက်ရှိတဲ့ ကေအိုင်အေတပ်သားတွေက ကောင်ခမ်း နဲ့ ဆိုင်လော်ရွာက အိမ်တွေထဲဝင်ပြီး ရှမ်းတိုင်းရင်းသား ၆ ဦးကို အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်သွား တာဖြစ်ကြောင်း ဒေသခံ ရှမ်းအမျိုးသားတစ်ဦးက ပြောပါတယ်။
"လေးရက် ည ၈ နာရီခွဲ ၉ နာရီဝန်းကျင်မှာ ကေအိုင်အေအဖွဲ့ အင်အား ၃၀ ရွာထဲဝင်လားပြီး မှ နေအိမ်တွေကို အကုန်လုံးကန်၊ တံခါးတွေကို ကန်ပြီးမှ အိပ်ယာထဲမှာ လာခေါ်သွားတာ။ စုစုပေါင်း ၆ ယောက် ဖမ်းဆီးသွားတာ။ ရှမ်းအမျိုးသားတွေချည်းပဲ။ အတင်းအဓမ္မတေ့ာ မဖမ်းစေချင်ဘူးပေါ့ ။ နောက်တခုကလည်း ကျနော်တို့ ဒီမှာ ရှမ်းတွေက ပျော်ပွဲရွှင်ပွဲ၊ သီတင်းကျွတ်ပွဲလုပ်တဲ့အချိန်မှာ အဲဒီလိုတော့ မဖြစ်သင့်ဘူးပေါ့။ ဒါတွေက ကျနော်တို့ လုံးဝ မလိုလားဘူးပေါ့ဗျာ။"
အဖမ်းခံရတဲ့ အဲဒီ ရှမ်းရွာသား ၆ ဦးထဲမှာ အသက် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ဦး လည်းပါတယ်လို့သိရပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ အစိုးရလက်ထက်က ကေအိုင်အို ပဋိပက္ခညှိနှိုင်းရေးအဖွဲ့မှာ ပါဝင်ခဲ့ တဲ့ ကေအိုင်အေ ဗိုလ်မှူးကြီး တစ်ဦးကို RFA က ဆက်သွယ်ပေမဲ့ ဖုန်းအဆက်အသွယ်မရပါခဲ့ဘူး။
ကေအိုင်အေက လီဆူလူမျိုးတွေကို အဓမ္မလူသစ်စုဆောင်း၊ ဆက်ကြေးကောက်တာတွေ လုပ်ဆောင်နေလို့ဆိုပြီး လီဆူတိုင်းရင်းသားအယောက် နှစ်ထောင်ကျော်က ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့က မြစ်ကြီးနားမြို့ပေါ်မှာ ဆန္ဒပြခဲ့ကြဘူးပါတယ်။