စစ်ကောင်စီတပ် စစ်ကြောင်းမှူး ဗိုလ်ကြီးတစ်ဦးကို KIA ဖမ်းဆီး

RFA Burmese
2023.02.14
စစ်ကောင်စီတပ် စစ်ကြောင်းမှူး ဗိုလ်ကြီးတစ်ဦးကို KIA ဖမ်းဆီး ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်တချို့အား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်။
Myu Tsaw Kasa

ကချင်ပြည်နယ် ဝိုင်းမော်မြိုနယ်၊ ဆဒုံးမြို့က စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းမှူး ဗိုလ်ကြီးဇော်မျိုးအောင်ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်းမှာ ဖမ်းဆီးခဲ့တယ်လို့ KIA သတင်းရင်းမြစ်က RFA ကို ပြောပါတယ်။

ဗိုလ်ကြီးဇော်မျိုးအောင်ဟာ ဆဒုံးမြို့ ဗျူဟာကုန်းက စစ်ကောင်စီတပ် ခလရ ၃၈၉ စစ်ကြောင်းမှူးဖြစ်ပြီး ဆဒုံး-ကန်ပိုက်တီလမ်းပိုင်းမှာ KIA တပ်ရင်း (၃) က ဖမ်းဆီးခဲ့တာ လို့ သူက ပြောပါတယ်။

"သူက ခလရ ၃၈၉ တပ်က။ သူထိုင်တာက ဆဒုံး-ကန်ပိုက်တီလမ်း ဂေါ်နန်ကျေးရွာနားက နာရူကုန်းစခန်းမှာ ထိုင်တာ။ အဲဒီကနေကားနဲ့ လမ်းအတိုင်းဆင်းလာတဲ့ အချိန်မှာ ဖမ်းဆီးလိုက်တာ"

စစ်ကောင်စီစစ်ကြောင်းမှူးဟာ စီးပွားရေးလုပ်ငန်းရှင်တချို့နဲ့တွေ့ဆုံဖို့ ဆဒုံး-ကန်ပိုက်တီလမ်းပေါ်က ဘွမ်တောင်ကျေးရွာကို ဆင်းလာတဲ့အချိန် ဖမ်းဆီးခဲ့တာလို့ သူက ပြောပါတယ်။

KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းမိထားတာမှန်ပေမယ့် အသေးစိတ်အချက်အလက်တွေကို မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီက တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာမရှိသေးသလို ကချင်ပြည်နယ် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးဝင်းရဲထွန်းကလည်း ဒီကိစ္စကို မသိရသေးဘူးလို့ ဖေဖော်ဝါရီလ ၁၄ ရက်မှာ RFA ကို ပြောပါတယ်။

၂၀၂၁ ခုနှစ်နောက်ပိုင်း ဝိုင်းမော်မြို့နယ် KIA တပ်ရင်း (၃) ထိန်းချုပ်နယ်မြေမှာ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး အခုချိန်ထိလည်း စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

KIA သတင်းနဲ့ပြန်ကြားရေးဌာနရဲ့ အချက်အလက်တွေအရ အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲ ၁၁၂၅ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။