မြစ်ကြီးနားလေတပ်ဌာနချုပ်နဲ့ စစ်ကောင်စီတပ်စခန်းတွေကို KIA တိုက်ခိုက်
2024.03.06

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စစ်ကောင်စီ လေတပ်စခန်းဌာနချုပ် အပါအဝင် လိုင်ဇာမြို့အနီးတစ်၀ိုက်နဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက မတ်လ ၇ ရက် မနက် ၆ နာရီခန့်ကစပြီး တစ်ပြိုင်နက်တည်း တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုတိုက်ခိုက်နေတဲ့အထဲမှာ KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို လက်နက်ကြီးနဲ့ အထိုင်ချပစ်ခတ်နေတဲ့ ဗျူဟာအရအရေးပါတဲ့ စစ်စခန်းတွေကိုပါ တိုက်ခိုက်နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"မနက်ကတည်းက စတိုက်နေပြီ။ ဝိုင်းမော်ရွှေညောင်ပင်ကစနေတာ၊ မိုးမောက်မြို့နယ် မြို့သစ်၊ ဒေါ့ဖုန်းယန်အထိ အကုန်တိုက်နေပြီ။ လိုင်ဇာကို လက်နက်ကြီးတွေ ပစ်ပစ်နေတဲ့ ဘွမ်ရဲဘွမ် (Bumre BUM)၊ အင်တပ်ဘွမ်( Ntap Bum)၊ ခယာဘွမ်( Hkaya Bum)၊ ဖွန်ပျဲန်ဘွမ် (Hpun Pyen Bum) အဲဒီတောင်တွေ အကုန်လုံးပဲ။ အင်တပ်ဘွမ်( Ntap Bum) က မီးခိုးတွေ ထွက်နေတာတွေ့တယ်။ စခန်းအားလုံးဆိုရင် အနည်းဆုံး ရှစ်ခုလောက်ရှိမယ်"
KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကလည်း မြစ်ကြီးနား-ဗန်းမော်လမ်း တစ်လျှောက် စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေတယ်လို့ RFA ကို ပြောပါတယ်။
"လိုင်ဇာနားမှာတော့မဟုတ်ဘူး မြစ်ကြီးနား-ဗန်းမော် ဘေးပတ်လည်မှာပေါ့၊ တိုက်ပွဲတွေရှိပါတယ်။ အသေးစိတ်တော့ မသိသေးဘူး။ စခန်းငယ်လေးတွေကိုလည်း တိုက်နေတဲ့အနေအထားတော့ ဟုတ်ပါတယ်။ ကားလမ်းတစ်ကြောအကုန်လုံးမှာဖြစ်နေပြီ။ မြစ်ကြီးနား-ဗန်းမော်လမ်း တစ်လျှောက်အကုန်လုံးပဲ"
လက်ရှိအချိန်ထိ တိုက်ခိုက်နေဆဲဖြစ်ပြီး စခန်းသိမ်းနိုင်တဲ့အခြေအနေတွေ မသိရသေးဘူးလို့လည်း သူကဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကစလို့ ဗန်းမော်၊ မန်စီ၊ မိုးမောက်၊ ဖားကန့်၊ မိုးညှင်း၊ ဝိုင်းမော် မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို (KIA) တိုက်ခိုက်ခဲ့ပြီး တပ်စခန်း ဆယ်ခုထက်မနည်း သိမ်းယူနိုင်ခဲ့တယ်လို့ KIA ရင်းမြစ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။