တရုတ်ကောင်စစ်ဝန် ယာဉ်တန်းကို KIA ပစ်ခတ်ကြောင်း စစ်ကောင်စီစွပ်စွဲ
2023.06.29

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တရုတ်ကောင်စစ်ဝန်တစ်ဦး လိုက်ပါလာတဲ့ ယာဉ်တန်းကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က ဇွန် ၂၇ ရက်နေ့က ပစ်ခတ်တယ်လို့ စစ်တပ်က စွပ်စွဲလိုက်ပါတယ်။
ဒါက မမှန်ကန်ကြောင်း KIA/ KIO သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ဇွန် ၂၉ ရက်နေ့က ပြောပါတယ်။
ကန်ပိုင်တီကနေ မြစ်ကြီးနားမြို့ကို ယာဉ်တန်းထွက်ခွာလာပြီး ဆဒုံးအလွန်မှာ ပစ်ခတ်ခံရတယ်ဆိုတာ မဟုတ်မှန်ဘူးလို့ သူက ပြောပါတယ်။
“ကျွန်တော်တို့ KIO နဲ့တော့ မဖြစ်လောက်ပါဘူး၊ ကျွန်တော်ကတော့ မကြားဘူး။ ပြည်သူ့စစ်အဖွဲ့နဲ့ ပစ်ခတ်တယ်ဆိုတဲ့ သတင်းတွေတော့ ထွက်နေပါတယ်။ ကျွန်တော်တို့ KIO အနေနဲ့ ပစ်ခတ်ဆိုတာတော့ မကြားမိပါဘူး၊ ကျွန်တော်တို့ကတော့ ပစ်စရာအကြောင်းလည်း မရှိပါဘူး”
ဒေသတွင်းသတင်းမီဒီယာတွေမှာ တရုတ်ကောင်စစ်ဝန်ဟာ ကချင်ပြည်နယ်က သက်ဆိုင်ရာ စစ်ကောင်စီအဖွဲ့တွေနဲ့ နန်ကျင်စီးပွားရေးဇုန်နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ လာတာလို့ ဖော်ပြပါတယ်။
ဒါပေမဲ့ စစ်ကောင်စီ သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒါဟာ ကောင်စစ်ဝန်မဟုတ်ဘဲ တရုတ်တပ်မတော်ကိုယ်စားလှယ်အဖွဲ့ လာရောက်တာဖြစ်ပြီး ယာဉ်တန်းကို KIA က ပစ်ခတ်တာလို့ စွပ်စွဲပါတယ်။ ဒါကို စစ်ကောင်စီ အာဘော် သတင်းမီဒီယာတွေမှာ ဇွန်လ ၂၉ ရက်နေ့က ဖော်ပြပါတယ်။
“တရုတ်နိုင်ငံက ကောင်စစ်ဝန်လည်း မဟုတ်ပါဘူး၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တည်ဆောက်မယ့် နန်ကျင် စီးပွားရေးဇုန်ကိစ္စလည်း မဟုတ်ပါဘူး။ နယ်စပ်ဒေသလုံခြုံရေးနဲ့ ပတ်သက်ပြီး ပုံမှန်ပြုလုပ်တဲ့ ဆွေးနွေးပွဲပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက တပ်မတော်ကိုယ်စားလှယ်အဖွဲ့လည်း ပြည်ပသို့ ပြန်လည်ထွက်ခွာဖို့ ဖြစ်ပါတယ်။ ပစ်ခတ်တဲ့အဖွဲ့တွေကတော့ KIA အဖွဲ့ဆိုတာ ကျွန်တော်တို့ အတည်ပြုလို့ရပါတယ်”
ဒေသတွင်း သတင်းတွေမှာ စစ်ကောင်စီ လက်အောက်ခံ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)က ဦးရွှေမင်း ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့က ယာဉ်တန်းကို ပစ်ခတ်တာလို့ ဖော်ပြပေမဲ့ ဦးရွှေမင်းက ဒါကို ငြင်းဆိုပါတယ်။
“ကျွန်တော်တို့ ပြည်သူစစ်ဆိုတာလည်း တပ်မတော် လက်အောက်မှာရှိတဲ့ ဥပဒေဘောင်မှာ ရှိတဲ့ အဖွဲ့လေ၊ လုပ်လို့ မရဘူးလေ၊ နိုင်ငံခြားဧည့်သည်တွေ လာတယ်ဆိုတာကလည်း နိုင်ငံတော်အစိုးရနဲ့ တပ်မတော်နဲ့ပဲ ပတ်သက်တယ်။ ကျွန်တော်တို့ ပြည်သူ့စစ်က အဲလိုမျိုး သက်ဆိုင်ခြင်းမရှိဘူးလေ”
ဆဒုံး - ကန်ပိုင်တီ လမ်းတစ်လျှောက်မှာ ဇွန်လ ၂၆ ရက်နေ့ကစလို့ ၂၈ ရက်နေ့အထိ တိုက်ပွဲတွေ ရှိခဲ့ပေမယ့် ယာဉ်တန်းဖြတ်သန်းချိန်မှာ တိုက်ပွဲဖြစ်ပွားတာ မရှိတဲ့အတွက် တရုတ်ကောင်စစ်ဝန် ယာဉ်တန်း တိုက်ခိုက်ခံရတာ မဖြစ်နိုင်ဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
RFA အနေနဲ့ ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာ မသိရသေးဘဲ ဒေသခံပြည်သူတွေကို ဆက်သွယ်ပေမဲ့ ဖုန်းလိုင်းနဲ့ အင်တာနက်အခက်အခဲကြောင့် မေးမြန်းခွင့်မရသေးပါဘူး။
ဗိုလ်မှူးကြီးနော်ဘူကတော့ စစ်ကောင်စီတပ်တွေနဲ့ ဒူးလေးပါတီ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေဟာ KIA ရှိတဲ့ ဒေသတစ်ဝိုက်ကို ထိုးစစ်ဆင်နေပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က KIA တပ်စခန်းတည်ရှိတဲ့နေရာကို ဇွန် ၂၆ ရက်နေ့က ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တယ်လို့ ပြောပါတယ်။