အမေရိကန် အရာရှိကြီးများ ဗိုလ်ချုပ်ဂွမ်မော်နဲ့ တွေ့ဆုံ
2014.04.20

အမေရိကန်ပြည်ထောင်စု ကို ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့က ရောက်ရှိလာတဲ့ KIA ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နဲ့ အဖွဲ့ဝင်လေးဦးဟာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန နဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက ပုဂ္ဂိုလ်တွေ အပါအဝင် တခြား အရေးကြီး ပုဂ္ဂိုလ်များ နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
ဗိုလ်ချုပ်ဂွမ်မော်နဲ့ အဖွဲ့ဟာ ဧပြီလ ၁၄ ရက်နေ့ကနေ ၁၈ ရက်နေ့အတွင်း အမေရိကန်ပြည်ထောင်စု ကုလသမဂ္ဂ ဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် Ms Samantha Power ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Ms Wendy Sherman လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr Rick Barton တို့အပြင် အမျိုးသား လုံခြုံရေးကောင်စီ ၊ ကာကွယ်ရေးဝန်ကြီး ဌာနနဲ့ နိုင်ငံတကာ အကူအညီပေးရေးဌာန တို့က အရာရှိတွေ နဲ့ လဲ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်ဂွမ်မော်နဲ့ အဖွဲ့ကို ကြိုဆိုတဲ့ အခမ်းအနားမှာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး တဦးဖြစ်တဲ့ Tom Malinowski က ဒုတိယ ကမ္ဘာစစ်အတွင်းက မြန်မာပြည်မြောက်ပိုင်း စစ်မျက်နှာပြင်မှာ အမေရိကန် တပ်ဖွဲ့ဝင်များစွာရဲ့ အသက်တွေကို ကချင်တပ်သားတွေက ကယ်တင်နိုင်ခဲ့ကြောင်း အခုအချိန်မှာ မြန်မာနိုင်ငံမှာ အရှိန်ယူနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ကူညီရာမှာ အမေရိကန်အစိုးရက KIO နဲ့လည်း လက်တွဲ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောသွားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၆ရက်နေ့ကတော့ ဝါရှင်တန်မြို့တော်ရှိ Johns Hopkins တက္ကသိုလ် CSIS မဟာဗျူဟာနဲ့ နိုင်ငံတကာရေးရာဌာနကကြီးမှူး ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ဗိုလ်ချုပ် ဂွမ်မော်တက်ရောက်ပြီး ငြိမ်းချမ်းရေး ဆောင်ရွက်မှုများနဲ့ ကချင်ပြည်က အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။
အလားတူပဲ စနေ့နေ့ ညနေပိုင်းကလဲ ဗိုလ်ချုပ် ဂွမ်မော် နဲ့ အဖွဲ့ဟာ ဝါရှင်တန် ဒီစီမြိ့ုတော်၊ မေရီလန်းနဲ့ ဗာဂျီးနီးယားပြည်တွေမှာ နေထိုင်ကြတဲ့ ကချင်တိုင်းရင်းသားတွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ရှင်းလင်းပြခဲ့သလို ကချင်ပြည်နယ်တွင်း နောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်ပြီး မေးမြန်းချက်တွေကို ရှင်းပြခဲ့တယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်ဂွမ်မော်နဲ့ အတူလိုက်ပါလာတဲ့ အဖွဲ့ဝင်များကတော့ ဗိုလ်မှူးကြီး ရှန်လွမ်၊ ဗိုလ်မှူးကြီး ဂေါ်လူလ နဲ့ ဒေါ်ဂျာနန်းတို့ လိုက်ပါလာကြတာဖြစ်ပါတယ်။