တိုက်ပွဲကြောင့် ကချင်ရွာသား ၂၀၀၀ နီးပါး ပိတ်မိနေ


2015.01.15
govt-army-305.jpg အစိုးရစစ်သားများကို လက်နက်ကြီး အမြှောက်နဲ့ အတူ တွေ့ရစဉ်
Photo: From Jade Land Kachin

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ အုပ်စု အောင်ဘာလေကျေးရွာအနီးမှာ တပ်မ ၆၆ လက်အောက်ခံ အစိုးရတပ်တွေနဲ့ ကေအိုင်အေတပ်ရင်း ၆ အကြား ဒီနေ့မနက်ကစပြီး လက်ရှိအချိန်ထိ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ဒေသခံရွာသား ၂၀၀၀ နီးပါး ပိတ်မိနေတယ်လို့ သိရပါတယ်။

ပြည်နယ်ဝန်ကြီး ဦးကမန်းဒူနော်တို့ကို မနေ့က ဖမ်းဆီးစစ်ဆေးခဲ့တာနဲ့ ပတ်သက်ပြီး အစိုးရစစ်တပ်က ပစ်ခတ်တာဖြစ်တယ်လို့ ကေအိုင်အေ တပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်မှူးတန်ဆန့်က ပြောပါတယ်။

"ကျနော်တို့က မနေ့က အရမ်းမိုးချုပ်သွားတဲ့ အတွက်ကြောင့်မို့ မနက်ကျရင် ပြန်လည်လွှတ်ပေးဖို့ ဆိုပြီးတော့မှ ပြောထားပြီးသားဗျ၊ အဲ့ဒါကိုမစောင့်ဘူး၊ ဒါကိုအကြောင်းပြပြီးတော့မှ နဂိုကလည်းလုပ်ချင်နေ တာ၊ ဘာမှမဟုတ်တဲ့ကိစ္စလေးကို ရေးကြီးခွင်ကျယ် လုပ်ပြီး စစ်ဆင်ရေးလုပ်တယ်လို့ ကျနော်တို့ကမြင် တယ်၊ ရွာသားတွေတော့ ပိတ်မိနေတာပေါ့ဗျ၊ အခုဟာ ဘုန်းကြီးကျောင်းတို့၊ ခရစ်ယာန်ဘုရားကျောင်း တို့မှာ နေနေကြရပါတယ်၊ မနက် ၆ နာရီခွဲကနေဖြစ်တာ ၁ နာရီခွဲမှာ ခဏနား ပြီးရင်တော့ လက်နက်ကြီးတွေ နဲ့ ပြန်ထု၊ အခုလည်း ဆက်ဖြစ်နေသေးပါတယ်"

မနေ့က ဖားကန့်မြို့နယ် ဝှေခါ-ဝေလုံတောင်ကြောပေါ်မှာ ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေကို ကေအိုင်အေ တပ်ရင်း ၆ တပ်သားတွေက ဖမ်းဆီးစစ်ဆေးခဲ့တာကြောင့် တိုက်ပွဲ တွေ ဖြစ်တာလို့ မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် အဆင့်မြင့်အရာရှိတစ်ဦးက အတည်ပြုပြောပါတယ်။

"တိုက်ပွဲဖြစ်တယ်ဆိုတာက ဒီလိုပါ၊ မနေ့က ဝန်ကြီးတို့ ရဲတို့ပေါ့နော်၊ ဒါတွေ ဟိုဟာဖြစ်တာဖြစ်တဲ့ အတွက်တော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ ဒါတွေက ဟိုဟာဘာလဲ တိုက်ပွဲသဘောသဘာဝဖြစ်တော့လေ၊ အဲ့ဒါတွေက နောက်ဆက်တွဲကိစ္စတွေပဲ ဖြစ်လာတဲ့သဘောဖြစ်ပါတယ်"

တိုက်ပွဲကြောင့် အောင်ဘာလေ ၊ ကံဆီးခေါ၊ ငှက်ပျောတော စတဲ့ ကျေးရွာတွေက ဒေသခံရွာသားနှစ်ထောင် နီးပါးဟာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေနဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေမှာ ပိတ်မိနေတယ်လို့ သိရပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး ကေအိုင်အေတပ်ရင်း ၆ က ဗိုလ်မှူးတန့်ဆိုင်း ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ပိတ်မိနေတဲ့ ရွာသားတွေကို ကူညီဖို့အတွက် စီစဉ်နေတဲ့ ဖားကန့်မြို့နယ် ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအဖွဲ့ က တာဝန်မှူး ဦးတူးရော်ကို RFA သတင်းထောက် မဝေယံမိုးမြင့်က ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။