ကချုင်ပြည်နယ် မိုးမောက်ဒေသမှာ အစိုးရနဲ့ ကေအိုင်အေ တိုက်ပွဲဖြစ်
2014.01.31
ကချင်ပြည်နယ် မိုးမောက်ဒေသမှာ အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေ မနေ့က တိုက်ပွဲ ၄ ကြိမ်ဖြစ်ခဲ့ပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ပြေးဒုက္ခသည်တွေကိုကူညီနေတဲ့ WPN ခေါ် ဝမ်ပေါင်နိန်းတွဲအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်မေရီတွမ်က RFA ကိုပြောပါတယ်။
"မနေ့က မနက်ပိုင်း ၂ နာရီကျော်လောက်မှာ နမ့်မွန်တောင်ဆိုတဲ့ရွာမှာ တခါဖြစ်တယ်၊ နောက်မန်စီမြို့နယ်ထဲမှာ နှစ်ခါဖြစ်တယ်၊ ညနေ ၃ နာရီလောက်မှာ မိုးမောက်မြို့နယ်နားက ရွာမှာတခါဖြစ်တယ်ပေါ့"
အဲဒီဒေသမှာ လွန်ခဲ့တဲ့လတွေကလဲ စစ်တပ်ကဝင်ရောက်ခဲ့တဲ့အတွက် စစ်ပြေးဒုက္ခသည်တွေမှာ နောက်ထပ်ထွက်ပြေးကြရပြီး၊ အဲဒီတုန်းက ကျန်းမာရေးနဲ့အသက်အရွယ်တွေကြောင့် ထွက်မပြေးနိုင်ပဲ ကျန်နေတဲ့သူတွေက အခုဖြစ်တဲ့တိုက်ပွဲတွေကြောင့် အခက်အခဲတော်တော်တွေ့နေတယ်လို့ ဒေါ်မေရီတွမ်ကပြောပါတယ်။
အခုရာသီဟာ ဆောင်းတွင်းအေးတဲ့ကာလဖြစ်တဲ့အတွက် ဒုက္ခသည်တွေ ပိုပြီးအခက်အခဲရောက်သလို၊ အကူအညီတွေလဲ လိုအပ်သလောက်မရကြဘူးလို့ဆိုပါတယ်။
ဒေါ်မေရီတွမ်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။