အာဏာသိမ်းသုံးနှစ်အတွင်း KIA ထိုးစစ်အရှိန် အမြင့်ဆုံးရောက်လာ
2024.05.14
စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား ၂၀၂၄ ခုနှစ် လေးလတွင်းဖြစ်ခဲ့တဲ့ တိုက်ပွဲအရေအတွက်ဟာ အရင်တစ်နှစ်ချင်းစီရဲ့ တိုက်ပွဲအရေအတွက်ထက် ပိုများနေတဲ့အတွက် ဒီနှစ်ဟာ စစ်ရေးပဋိပက္ခ အရှိန်အဟုန် အမြင့်ဆုံးဖြစ်လာတယ်လို့ မေလ ၁၃ ရက်နေ့မှာ ထုတ်ပြန်တဲ့ BNI-Myanmar Peace Monitor ရဲ့ သုတေသန အစီအရင်ခံစာမှာ ဖော်ပြပါတယ်။
စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီကစလို့ အခု ၂၀၂၄ ခုနှစ်ဧပြီလ ၃၀ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားမှု ၅၄၈ ကြိမ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအထဲက အကြိမ် ၁၆၀ ကျော်ဟာ အခုနှစ် လေးလအတွင်းမှာ ဖြစ်ခဲ့တာလို့ အစီအရင်ခံစာမှာ ဖော်ပြပါတယ်။
KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ၂၀၁၁ ခုနှစ်ကတည်းက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ ပြည်သူတွေအပေါ် နေထိုင်၊ စားသောက်၊ သွားလာရေးတွေ ပိတ်ဆို့ဖြတ်တောက်ခံထားရမှုတွေ လွတ်မြောက်ဖို့နဲ့ လက်လွှတ်ခဲ့ရတဲ့တပ်စခန်းတွေကို ပြန်လည်သိမ်းယူနိုင်ဖို့ ထိုးစစ်ဆင်နေတာလို့ ပြောပါတယ်။
ဒီအပြင် စစ်ကောင်စီကို စစ်ရေးအရ ဖိအားပေးဖို့ လိုအပ်တဲ့အတွက်ကြောင့်လည်း ထိုးစစ်ဆင်ရတာလို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
“မြန်မာနိုင်ငံရဲ့ အရှုပ်တော်ပုံတွေကို ဖြေရှင်းဖို့က နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ကတော့ အဓိကဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီကတော့ နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာ ငြိမ်းချမ်းရေးဘက်ကို ဦးတည်မသွားတာကို ကျွန်တော်တို့ ဒီလက်တွေ့ အကြိမ်ပေါင်းများစွာ တွေ့ရှိခဲ့တာပေါ့။ ဒါကြောင့် စစ်ရေးနဲ့ဖိအားပေးပြီးမှ နိုင်ငံရေးဘက်ကို ပြန်ပြောင်းဖို့ပေါ့နော်။ ကျွန်တော်တို့ ကြိုးစားတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် စစ်ဆင်ရေးကိုတော့ အခုလို လုပ်တာလည်း ဖြစ်ပါတယ်။ ဒါက ကျွန်တော်တစ်ဦးတည်းအမြင်ပဲ ဖြစ်ပါတယ်”
KIA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေရဲ့ စစ်မျက်နှာဖွင့်ထားတဲ့ နယ်မြေတွေလည်း ပိုများလာပြီး ကချင်ပြည်နယ်မှာ ၁၆ မြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဆယ်မြို့နယ်၊ စစ်ကိုင်းတိုင်းမှာ ရှစ်မြို့နယ်နဲ့ မန္တလေးတိုင်းမှာ တစ်မြို့နယ် စုစုပေါင်း ၃၅ မြို့နယ်အထိ ရှိနေတယ်လို့ BNI-Myanmar Peace Monitor က ဖော်ပြပါတယ်။
ဒါဟာ စစ်တပ်အာဏာမသိမ်းခင် ၂၀၁၉၊ ၂၀၂၀ ခုနှစ်တွေက လှုပ်ရှားမှုနယ်မြေထက် မြို့ပေါင်း သုံးဆယ်ကျော် ပိုမိုများပြားကျယ်ပြန့်လာတာလို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကစလို့ အခုမေလအတွင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်း၊ မြို့လှ၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ဆင်ဘို၊ အင်ဂျန်းယန်နဲ့ ဆွမ်ပရာဘွမ် စတဲ့ မြို့ ရှစ်မြို့ကို KIA က သိမ်းပိုက်ထားပါတယ်။
ဒီအပြင် ဒီနှစ်ထဲမှာပဲ စစ်ကောင်တပ်ရဲ့ တပ်စခန်းကြီး၊ ငယ်ပေါင်း တစ်ရာဝန်းကျင်ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့ KIA က ပြောထားပါတယ်။