ဖားကန့်က နန့်ယားတပ်စခန်းကို KIA သိမ်းယူ

RFA Burmese
2024.04.11
ဖားကန့်က နန့်ယားတပ်စခန်းကို KIA သိမ်းယူ ဖားကန့်မြို့ နန့်ယားတပ်စခန်းအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့က တွေ့ရစဥ်။
Citizen Journalist

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မိုးကောင်း-ဖားကန့်လမ်းပိုင်းက နန့်ယားရွာမှာ အင်အားတစ်ရာလောက်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဧပြီလ ၁၁ ရက် ဒီနေ့မနက်ပိုင်းမှာ သိမ်းယူခဲ့တယ်လို့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒီစခန်းဟာ ဖားကန့်မြို့ဘက်ကို လုံခြုံရေးပေးနေတဲ့ စစ်တပ်စခန်းလည်းဖြစ်ပြီး စစ်ရေးအရ အရေးကြီးတဲ့ ဗျူဟာမြောက်စခန်း ဖြစ်တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

“သိမ်းတာကတော့ ဒီမနက် ၇ နာရီဝန်းကျင်မှာ အတည်ပြုပြီးမှ ပြောလာတာဖြစ်ပါတယ်။ ကျန်တဲ့ မြေပြင်အခြေအနေတွေကိုတော့ ကျွန်တော်တို့ မသိရသေးပါဘူး။ အဲဒီစခန်းက ဖားကန့်ဘက် တက်လာတဲ့လမ်းပေါ်မှာထားတဲ့ စခန်းလည်းဖြစ်ပါတယ်။ ပြည်သူတွေကို အနှောင့်အယှက်ပေးပြီး စစ်ဆေးတာ အခွန်ကောက်တာ များတဲ့စခန်းလည်း ဖြစ်ပါတယ်”

အဲဒီစခန်းမှာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီပြည်သူ့စစ်တို့ ပူးပေါင်းတပ်စွဲထားပြီး KIA က သွားရောက်တိုက်ခိုက်ခဲ့တဲ့ နှစ်ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဆယ်ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တယ်လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။

“၉ ရက်နေ့က စတိုက်တာမှာ မနေ့ညက သိမ်းနိုင်ခဲ့တာ။ စစ်ကောင်စီကတော့ လေယာဉ်နဲ့ တောက်လျှောက်ဗုံးကြဲတယ်။ နန့်ယားက အိမ်တွေလည်း ဆယ်အိမ်လောက် မီးလောင်သွားတယ်။ ပြည်သူတွေတော့ ထိခိုက်တာမရှိဘူး”

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

မတ်လ ၇ ရက်နေ့ကစတင်တဲ့ ကချင်ပြည်နယ်က တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်စခန်းပေါင်း ခြောက်ဆယ်ကျော်ကို KIA က သိမ်းယူထားတယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။