တရုတ်-မြန်မာ နယ်စပ်အနီးက ပြည်သူ့စစ်စခန်းကို KIA သိမ်းပိုက်

RFA Burmese
2024.12.16
တရုတ်-မြန်မာ နယ်စပ်အနီးက ပြည်သူ့စစ်စခန်းကို KIA သိမ်းပိုက် ခေါင်လန်ဖူးမြို့နယ် တရုတ်နယ်စပ်အနီးရှိ ပြည်သူ့စစ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူပေါင်းအဖွဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က သိမ်းယူပြီးနောက် တွေ့ရစဥ်။
Citizen Photo

ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ် တရုတ်-မြန်မာ နယ်စပ်အနီးမှာရှိတဲ့ စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ်စခန်းတစ်ခုကို ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူလိုက်တယ်လို့ KIA က ပြောပါတယ်။

ခေါင်လန်ဖူးမြို့နဲ့ ဆော့လော်မြို့နယ် လန်ဆယ်ရွာကြားက အင်အားတစ်ရာခန့် အထိုင်ချထားတဲ့ ဌာနပြည်သူ့စစ်စခန်းကို သိမ်းယူခဲ့တာလို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။

“ခေါင်လန်ဖူးမြို့နယ်ထဲက ဌာနေပြည်သူ့စစ်စခန်းတစ်ခုကို မနေ့က ညနေပိုင်းမှာ သိမ်းလိုက်တယ်။ ဒါပေမဲ့ မြေပြင်အခြေအနေ အပြည့်အစုံကိုတော့ ကျွန်တော်တို့ မကြားရသေးဘူး။ ဖီမော်၊ လန်ဆယ် လမ်းတစ်ကြောကနေ တက်သိမ်းတဲ့သဘော ရှိပါတယ်။ တရုတ်ပြည် နယ်စပ်ဘက်မှာရှိတဲ့ ပြည်သူ့စစ်စခန်း ဖြစ်တယ်လို့ ကြားရပါတယ်”

လက်နက်ခဲယမ်း သိမ်းဆည်းရမိတာရှိပေမဲ့ အသေးစိတ်အခြေအနေကိုတော့ မသိရသေးဘူးလို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်မှုဧရိယာပြင်ပ ဖြစ်နေတာကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ပူတာအိုခရိုင်အတွင်း ပူတာအို၊ ဆွမ်ပရာဘွမ်၊ မချမ်းဘော၊ ခေါင်လန်ဖူး၊ နောင်မွန်နဲ့ ပန်နန်းဒင် စတဲ့ မြို့ခြောက်မြို့အနက် ဆွမ်ပရာဘွမ်မြို့ကို ၂၀၂၄ ခုနှစ် မတ်လအတွင်းမှာ KIA နဲ့ ပူးပေါင်းအဖွဲ့က သိမ်းယူထားပြီး လက်ရှိမှာ ခေါင်လန်ဖူးမြို့နယ်ဘက်ကိုပါ ထိုးစစ်ဆင်လာတာပါ။

KIA ဟာ ကချင်ပြည်နယ်က တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေနဲ့ မြေရှားသတ္တု အများဆုံးထွက်ရှိရာ ချီဖွေမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ဧရာဝတီမြစ်အရှေ့ဘက်ကမ်းက စစ်ရေးအရ အရေးပါတဲ့ ဗန်းမော်မြို့ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။