ဆင်ဘိုမြို့ကို သိမ်းယူထိန်းချုပ်လိုက်ကြောင်း KIA ပြော

RFA Burmese
2024.02.11
ဆင်ဘိုမြို့ကို သိမ်းယူထိန်းချုပ်လိုက်ကြောင်း KIA ပြော ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်များအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့က တွေ့ရစဉ်။
STR / AFP

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့က ရဲစခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီလ ၁၀ ရက် မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တစ်မြို့လုံးနီးပါးကို ထိန်းချုပ်လိုက်ပြီလို့ KIA က ပြောပါတယ်။

ဆင်ဘိုမြို့က ရဲစခန်းနဲ့ ဌာနဆိုင်ရာ ရုံးတွေကို KIA ပူးပေါင်းအဖွဲ့က ထိန်းချုပ်လိုက်ပြီးနောက် မြို့နဲ့ သုံးမိုင် အကွာမှာရှိတဲ့ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၁၄၁) တပ်စခန်းကို ဖေဖော်ဝါရီ ၁၁ ရက်မှာ ဆက်ပြီး တိုက်ခိုက်နေတယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“မနေ့ မနက်ပိုင်းလောက်ကတည်းက ဝင်တိုက်တာ။ ရဲစခန်းနဲ့ ရုံးပိုင်ဆိုင်ရာတွေကို သိမ်းလိုက်ပြီ။ အခုတော့ တပ်စခန်းဘက်ကို ပြန်ပြီးတိုက်နေတယ်။ တပ်စခန်းက ရွာကနေ သုံးမိုင်လောက်ဝေးတယ်။ အဲဒီ တပ်စခန်းတော့ မသိမ်းနိုင်သေးဘူး ဆက်ပြီးတိုက်နေဆဲပဲလို့ သတင်းပို့လာတယ်”

တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းနဲ့ နှစ်ကြိမ်အထိ လာရောက်ပစ်ခဲ့သလို နှစ်ဖက် ထိခိုက်သေဆုံးမှုအခြေအနေကို မသိရသေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ဆင်ဘိုမြို့မှာ လူဦးရေ တစ်သောင်းကျော်နေထိုင်ပြီး တိုက်ပွဲတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဒါနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

လက်ရှိမှာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းက မြို့ပေါင်းလေးဆယ်ကျော်ကို တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေက စစ်ကောင်စီဆီကနေ တိုက်ခိုက်သိမ်းယူထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။