နမ့်ဖတ်ကာတိုက်ပွဲမှာ ဂျက်တိုက်လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင်း KIA ပြော
2024.01.16

Updated 4:33 PM Jan 16, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာအနီး ဇန်နဝါရီလ ၁၆ ရက် နေ့လယ် ၁၂ နာရီက ဗုံးကြဲခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ်တစ်စင်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ပစ်ချနိုင်ခဲ့တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကိုပြောပါတယ်။
ပျက်ကျသွားတဲ့တိုက်လေယာဉ်ရဲ့ အမျိုးအစားကိုတော့ အသေးစိတ်မသိရသေးဘူးလို့ ပြောပါတယ်။
"ပစ်ချခဲ့တာမှန်ပါတယ်။ ပျက်ကျသွားတာလည်း မှန်တယ်။ နမ့်ဖက်ကာအလွန် တောင်ကြားထဲ ကျသွားတယ်။ ဘယ်လက်နက်နဲ့ ပစ်ချခဲ့တာ ဘယ်လိုပျက်ကျ သွားတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ ဘာမှမပြောနိုင်သေးဘူး"
စစ်ကောင်စီတပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ -၁၂၃ နဲ့ KIA တို ဇန်နဝါရီလ ၁၄ ရက်နေ့ ကတည်းက ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာအနီး တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
ဇန်နဝါရီလ ၁၆ ရက်မှာတော့ KIA ဘက်က စစ်ကောင်စီရဲ့တိုက်လေယာဉ်ကို ပစ်ချလိုက်နိုင်တယ်လို့ ပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာမရှိသေးသလို ရှမ်းပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ ဦးခွန်သိမ်းမောင်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့ကလည်း KIA ဌာနချုပ်လိုင်ဇာမြို့အနီးမှာ စစ်ကောင်စီရဲ့ Mi-17 အမျိုးအစား ရဟတ်ယာဉ်တစ်စင်းကို KIA က ပစ်ချခဲ့တာကြောင့် စစ်ကောင်စီတပ်သားခြောက်ဦး သေဆုံးခဲ့ပါတယ်။
ကယားပြည်နယ်မှာလည်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့က စစ်ကောင်စီတပ်ပိုင် K-8 အမျိုးအစား တိုက်လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး လေယာဉ်မှူး ဗိုလ်မှူး ခိုင်သန့်မိုး လေထီးနဲ့ ခုန်ချထွက်ပြေးခဲ့ပေမယ့် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ကရင်နီတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့ပါတယ်။
၂၀၂၂ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ကလည်း Mi-17 စစ်ရဟတ်ယာဉ်တစ်စင်း စက်ချို့ယွင်းပြီး ချင်းပြည်နယ် ဟားခါးမြို့အနီးမှာ ပျက်ကျခဲ့ဖူးပါတယ်။
စစ်တပ်အရာရှိဟောင်းတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ပြောဆိုချက်အရ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုတွေအတွင်း ရုရှားနိုင်ငံထုတ် Mi-35၊ Mi-17 ရဟတ်ယာဉ်တွေ၊ Yak-130၊ MiG-29 တိုက်လေယာဉ်တွေ၊ တရုတ်နိုင်ငံထုတ် Y 8၊ Y-12 လေယာဉ်တွေကို အသုံးပြုနေတာပါ။
(အမှားပြင်ဆင်ချက် - ချင်းပြည်နယ် ဟားခါးမြို့အနီး၊ စစ်ရဟတ်ယာဥ် စက်ချို့ယွင်းပြီး ပျက်ကျခဲ့သည့် ခုနှစ်အား ၂၀၂၃ ခုနှစ်မှ ၂၀၂၂ ခုနှစ်ဟု ပြင်ဆင်ထားပါတယ်။)