ကေအိုင်အေက လမ်းခရီးသတိပေးချက် ထုတ်ပြန်
2017.06.08

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က မိုးကောင်း-ကာမိုင်း၊ လဝါး-ကာမိုင်း၊ ကာမိုင်း-ဖားကန့်နဲ့ ဝှေ့ခါ-ဖားကန့် လမ်းတွေမှာ ည ၇ နာရီကနေ မနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာမှုမပြုလုပ်ဖို့ ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေက ဇွန်လ ၇ ရက်နေ့ ရက်စွဲနဲ့ သတိပေးစာထုတ်ပြန်လိုက်ပါတယ်။
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်း အစိုးရနဲ့ ကေအိုင်အေတို့ကြား ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ဆက်စပ်ပြီး အခုလိုထုတ်ပြန်တာဖြစ်တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေရဲ့ ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီးနော်ဘူ ကပြောပါတယ်။
"တနိုင်းမြို့နယ်ဘက်မှာ တိုက်ပွဲတွေရှိတဲ့အခါကျတော့ ပြည်သူလူထုရဲ့ သွားလာရေး လုံခြုံရေးကိုလည်း စိုးရိမ်ရတဲ့အခြေအနေရှိတယ်၊ အဲဒါကြောင့် အချိန်မတော်တဲ့အချိန်မှာ သွားလာဖြတ်သန်းတာတွေ ကြိုတင်ကာကွယ်တဲ့ သဘောမျိုးနဲ့ အသိပေးတဲ့စာတွေထုတ်တယ်။ အဲဒါက အားလုံးက ဆက်စပ်နေလို့ တနိုင်းမြို့နယ်နဲ့ ကာမိုင်းမြို့နယ်က ဆက်စပ်နေလို့ပါ။"
ခရီးသွားတွေအနေနဲ့ မနက် ၆ နာရီကနေ ည ၇ နာရီအတွင်းသာ အဲဒီလမ်းတွေကို ဖြတ်သန်းသွားလာဖို့နဲ့ သတ်မှတ်ချိန်ကျော်လွန်ပြီး သွားလာတာကြောင့် ဖြစ်လာမယ့်ကိစ္စတွေအပေါ် ကေအိုင်အေတပ်ရင်း(၆)အနေနဲ့ တာဝန်ခံမှာ မဟုတ်ဘူးလို့လည်း ကြေညာချက်မှာ ရေးသားထားပါတယ်။
အခုလ ၃ ရက်နေ့က စတင်ပြီး ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်း တပ်မတော်က နယ်မြေရှင်းရေး လုပ်ဆောင်နေတာကြောင့် ကေအိုင်အေနဲ့ အစိုးရတပ်မတော်တို့ကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာ လို့ ကေအိုင်အေရဲ့ ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီးနော်ဘူ ကပြောပါတယ်။
အစိုးရတပ်မတော်ဘက်ကလည်း နယ်မြေရှင်းလင်းရေးဆောင်ရွက်ဖို့ရှိတာကြောင့် တနိုင်းမြို့နယ်အတွင်းက ရွှေနဲ့ ပယင်းထွက်တဲ့ ထန်းပလား၊ ဝမ်းပလာ၊ အောင်လွတ်၊ တုံမဏီ၊ ချောင်းဆုံ၊ နန်ဗြူ၊ ဂျာအောင်ဘာ၊ ဇီးဖြူကုန်း ၊ ညောင်ပင်ကုန်းနဲ့ နမ့်ကွမ်းမှော်တွေက လုပ်သားတွေကို အခုလ ၁၅ ရက်နေ့ နောက်ဆုံးထားထွက်ခွါပေးဖို့ အကြောင်းကြားစာတွေကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖြန့်ဝေထားပါတယ်။