ကေအိုင်အိုနှင့် အစိုးရတပ် တိုက်ပွဲ ထပ်မံဖြစ်ပွား
2011.06.09

မိုးမောက်မြို့နယ် ဆန်ခါကျေးရွာမှာ အခြေစိုက်ထားတဲ့ ကေအိုင်အို တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၅ ရဲ့ ရှေ့တန်းစခန်းကို မြန်မာအစိုးရ ခလရ ၄၃၇ တပ်က ဝင်ရောက် ပစ်ခတ်ရာက တိုက်ပွဲဖြစ်ပွားတာလို့ သိရပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တရုတ်-မြန်မာနယ်စပ် စစ်ရေး နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇော ခုလို ပြောပြပါတယ်။
“မိုးမောက်ဘက်က တက်လာလို့ရတဲ့ လမ်းတွေ အဲဒီမှာ ရေအားလျှပ်စစ်တခုလည်း ရှိတယ် ဖြစ်တဲ့ ဖြစ်တာက မနေ့က ညက ၄၃၇ က ထောက်လှမ်းရေး ဗိုလ်ကြီးတယောက်နဲ့ တပ်ကြပ်တယောက်လား မသိဘူး၊ အဲဒါကို ကေအိုင်အိုက မိလိုက်တယ်။ မိတော့ ဒီနေ့မနက် လာပြီး ဆွေးနွေးတယ်။ လွှတ်ပေးဖို့ရာ သူတို့ မလွှတ်တော့ ဟိုကစပစ်တာ ဗျူဟာမှူးလည်း ပါတယ် တပ်ရင်း ၃ ရင်းလောက် ရှိတယ် မနက်ကတည်းက ပစ်နေတာ ပွဲတော်တော်ပြင်းတယ် ကိုယ့်ဖက်ကတော့ ဘာမှ မရှိဘူး ဒဏ်ရာတော့ နည်းနည်းပါးပါး ရတယ်။ ရန်သူဖက်ကတော့ ၃ ယောက်ကျတယ်။ ဒဏ်ရာတွေလည်း ရတယ်။ စဖြစ်တာက ၄၃၇ နဲ့ဖြစ်တာ ၄၃၇ က စတက်လာကတည်းက ၁၀၀ နီးပါးလောက် ရှိတယ်။ နောက်တရင်းက ၃၁၉၊ နောက် ထပ်လာတာက ၂၃၇၊ တိုက်ပွဲကွင်းထဲကို ၂၃၇ ရောက်မလာသေးဘူး အခုသူတို့ အမြောက်တွေ ပစ်ပြီးတော့ အလောင်းတွေ ဒဏ်ရာရတဲ့လူတွေကို တက်ဆွဲနေတယ်။”
အခု တိုက်ပွဲဖြစ်တဲ့ နေရာဟာ တာပိန် ရေအားလျှပ်စစ် စီမံကိန်းနဲ့ မဝေးသလို ကေအိုင်အို ထိန်းချုပ်ရာ လိုင်ဇာမြို့နဲ့ မိုင် ၆၀ လောက် ဝေးတယ်လို့ သိရပါတယ်။ ဒီတိုက်ပွဲအကြောင်း အသေးစိတ်သိရှိဖို့ ကေအိုင်အိုကို ဆက်သွယ် မေးမြန်းကြည့်တဲ့အခါ တိုက်ပွဲဖြစ်တာတော့ ဟုတ်မှန်ကြောင်း အတည်ပြုပေးပေမဲ့ အသေးစိတ် ပြောဆိုခြင်း မရှိပါဘူး။
ကေအိုင်အိုနဲ့ မြန်မာအစိုးရတပ်တွေအကြား ဒီနှစ်အတွင်း အခုတကြိမ်ပါနဲ့ဆို တိုက်ပွဲသုံးကြိမ် ရှိသွားပါပြီ။ လက်ရှိအခြေအနေမှာတော့ မြန်မာအစိုးရတပ်တွေဟာ ကေအိုင်အိုကို ထိုးစစ်ဆင်တာမျိုး မလုပ်သေးပဲ နည်းအမျိုးမျိုးနဲ့ ရန်စ ခြိမ်းခြောက်နေတာ ဖြစ်တယ်လို့ ဦးအောင်ကျော်ဇောက ပြောပါတယ်။
“အဓိကက ရန်စတာနဲ့ အခြေအနေကို ထောက်လှမ်းတာ၊ အပေါ်ကိုတော့ သတင်းတွေဘာတွေ ပို့မှာပေါ့ဗျာ သူတို့ အလုပ်လုပ်နေတယ်ဆိုတာ။ အခုလည်း တပ်ရင် တဘက်မှာ အဲလိုဖြစ်တာ မနေ့က လူ ၄ ယောက်ပေါ့ ဗမာတပ်က၊ လိုက်ဖမ်းတဲ့အခါကျတော့ တယောက်ဖမ်းမိတယ် ၃ ယောက် ထွက်ပြေးတဲ့ အခါကျတော့ ပြီးခဲ့တဲ့ ညနေက ဖြစ်တာပဲ ပြဿနာက ဒါက ရန်စနည်းတမျိုးလေ သေနတ်နဲ့ မတိုက်ပဲနဲ့ ရန်စနေတာ။ တဖက်သားက မခံနိုင်တဲ့အခါကျတော့ တိုက်ပွဲလေးတွေ ဖြစ်လာတာ၊ တိုက်ပွဲကြီးတွေ မတိုက်နိုင်တဲ့အခါမှာ လူထုလည်း တစုံတရာ ခြိမ်းခြောက်တဲ့ သဘောလည်း ပါတာပေါ့။ ချောဆွဲမယ်၊ လမ်းတွေ ပိတ်မယ်၊ ဘာတွေ ပိတ်မယ် အဓိကက လူထုကို တုန်လှုပ် ခြောက်ခြားနေအောင် လှုပ်ရှားတဲ့သဘော ပါတယ်။ ဒေသခံလူထုက ပြတ်သားတယ် ကေအိုင်အိုကို ထောက်ခံတယ်။ အဲဒီတော့ ကေအိုင်အိုကို မထောက်ခံတဲ့ သဘောတွေလည်း ပါတယ်။”
၂၀၁၀ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှာ ကေအိုင်အိုက မြန်မာအစိုးရ ဖိအားပေးခဲ့တဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စကို ငြင်းဆန်ပြီးတဲ့နောက် နှစ်ဖက် ဆက်ဆံရေးအခြေအနေ တဖြည်းဖြည်း တင်းမာလာကာ အခု တိုက်ပွဲတွေ ဖြစ်တဲ့အခြေအနေထိ ဖြစ်လာတာပါ။ မြန်မာအစိုးရအနေနဲ့ ကေအိုင်အိုအ ပါအဝင် ရှမ်း၊ ဝ၊ ကရင်စတဲ့ တခြားတိုင်းရင်းသားတွေနဲ့ နိုင်ငံရေးအရ မှန်မှန်ကန်ကန် ဖြေရှင်းမပေးသရွေ့ကတော့ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်တွေ ဆက်ဖြစ်နေဦးမှာပဲလို့ နယ်စပ်လေ့လာသူတွေက ပြောကြပါတယ်။