မြင်းခြံမှာ အရပ်သားသုံးဦး ပစ်သတ်ခံရ

2024.04.08
မြင်းခြံမှာ အရပ်သားသုံးဦး ပစ်သတ်ခံရ ၂၀၂၁ ခုနှစ်၊ မတ်လအတွင်း မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။
Citizen Journalist

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဖက်ရင်းနဲ့ ရသာရွာမှာ ဧပြီလ ၈ ရက် မနက်အစောပိုင်းက စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေ ရွာကို စီးနင်းပြီးနောက် အရပ်သားသုံးဦးကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေဟာ ဖက်ရင်းရွာက သားအဖနှစ်ဦးဖြစ်တဲ့ အသက် ၄၀ ဝန်းကျင် ဦးတင်မျိုးအောင်နဲ့ အသက် ၂၀ ဝန်းကျင် အမျိုးသားတစ်ဦး၊ ရသာရွာက အသက် ၆၀ ဝန်းကျင် ဦးဉာဏ်ဖေတို့ ဖြစ်ပါတယ်။

အင်အား နှစ်ဆယ်လောက်ပါတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့တွေ ရွာထဲဝင်လာချိန် ထွက်ကြည့်လို့ ပစ်သတ်ခံလိုက်ရတာလို့ ဖက်ရင်းရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ကြောင်းက ရွာထဲဝင်လာတာ။ အဲဒါကို သူတို့က ထွက်ကြည့်တာ။ သူတို့လာတာ ကားသုံးစီးနဲ့လာတာ။ ဖက်ရင်းရွာကို စဝင်ကတည်းက သေနတ်တွေနဲ့ ပစ်ဖောက်ပြီးဝင်လာတာ။ စစ်ကြောင်းကားနဲ့တိုးပြီး ပစ်သတ်ခံလိုက်ရတာ”

ဖက်ရင်းရွာအနီး ရသာရွာလည်း စီးနင်းခံရပြီး စစ်ကြောင်းဝင်လာချိန် ထွက်ပြေးတဲ့ အသက် ၆၀ အရွယ် ဦးဉာဏ်ဖေလည်း ပစ်သတ်ခံလိုက်ရတယ်လို့ ဆိုပါတယ်။

ရသာရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေပြီး ထိခိုက်ပျက်စီးမှုအသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့အထိ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း ၄,၈၅၂ ဦး သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။