ကျွန်းလှနဲ့ ဒီပဲယင်းမှာ အရပ်သားလေးဦး သတ်ဖြတ်ခံရ
2023.01.11

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်မှာ ဇန်နဝါရီ ၇ ရက်နေ ၉ ရက်အထိ ဒေသခံအရပ်သား လေးဦး သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ကျွန်းလှမြို့နယ်၊ ကြာတကံရွာက အသက် ၅၈ နှစ်အရွယ် ဦးထွန်းလှနဲ့ အသက် ၃၀ အရွယ် ကိုညီညီအောင်တို့ကို စစ်ကောင်စီတပ်သားတွေက ဇန်နဝါရီလ ၇ ရက်မှာ ဖမ်းဆီး သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"စစ်ကြောင်းဝင်လာလို့ တောတိုက် (တောစပ်အနီးကတဲ) ထဲမှာ ထွက်ပြေးလာရတဲ့ ကြာတကံရွာသားနှစ်ဦး ဖမ်းခံလိုက်ရတာ။ သူတို့ကိုဖမ်းသွားပြီး ဦးထွန်းလှကိုတော့ မီးရှို့သတ်ခဲ့တယ်။ ကိုညီညီအောင်ကျတော့ လက်ပြန်ကြိုးတုပ်ပြီး သေနတ်နဲ့ ခေါင်းကိုပစ်သွားတာ"
အဲဒီနေ့မှာပဲ ကျွန်းလှမြို့နယ် ထန်းပင်ကုန်းရွာကနေအိမ် ၅၆ လုံး မီးရှို့ဖျက်ဆီး ခံလိုက်ရတယ်လို့ သူက ပြောပါတယ်။
ဒီအပြင် ဒီပဲယင်းမြို့နယ်၊ ဆပ်ပျာကျင်းရွာက အသက် ၈၄ နှစ်အရွယ် ဦးဖိုးသာဟာ ဇန်နဝါရီလ ၇ ရက်မှာ သတ်ဖြတ်ခံခဲ့ရသလို ဇန်နဝါရီ ၉ ရက်မှာ အင်တိုင်းလေးရွာက အသက် ၈၅ နှစ်အရွယ် ဦးဝန်မြလည်း မီးလောင်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇန်နဝါရီလ ၁၀ ရက် နေ့ စာရင်းအရ စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်း အရပ်သား ၁၀၄၆ ဦး သေဆုံးခဲ့ပါတယ်။