ပုလောမြို့နယ်မှာ ကလေးငါးဦး အပါအဝင် မိသားစုဝင်ခုနစ်ဦး သတ်ဖြတ်ခံရ
2023.02.12
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ညောင်ရှင်ကုန်းရွာမှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ညက အသက်မပြည့်သေးတဲ့ကလေးငယ် ငါးဦး အပါအဝင် မိသားစုဝင် ခုနစ်ဦး သတ်ဖြတ်ခံလိုက် ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီကခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ရဲ့ နေအိမ်ကို ဖေဖော်ဝါရီလ ၁၁ ရက် ည ၉ နာရီဝန်းကျင်က လက်နက်ကိုင်လူတစ်စုရောက်လာပြီး သတ်ဖြတ်သွားတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေဟာ ဦးအောင်မြင့်ရဲ့ ဇနီး အသက် ၆၀ ကျော်အရွယ် ဒေါ်ကြင်နွဲ့၊ သမီးဖြစ်သူ အသက် ၄၀ ကျော်အရွယ် ဒေါ်သန်းသန်းမော်၊ မြေးဖြစ်သူ မောင်နေထက်သိန်း ၁၇ နှစ်၊ မောင်ဇေယျာအောင် ၁၆ နှစ်၊ မောင်စိုးမင်းပိုင် ၁၃ နှစ်၊ မမေဇင်ဖြူ ၉ နှစ်နဲ့ မောင်သားသား ၂ နှစ်ကျော်တို့ ဖြစ်တယ်လို့ စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးယဉ်ထွေးကတော့ PDF တွေ လုပ်ဆောင်ခဲ့တာလို့ စွပ်စွဲပါတယ်။
"PDF တွေက သတ်သွားတာ။ အဲဒီမှာ အုပ်ချုပ်ရေးမှူး မတွေ့ဘူး။ မတွေ့တော့ ခုနစ်ယောက်လုံးကို သတ်ခဲ့တာ။ ခုနှစ်ယောက် သေသွားတယ်။ အုပ်ချုပ်ရေးမှူးကတော့ ရှိသလား၊ ပြေးသလားတော့ မသိတော့ဘူး"
ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) ကတော့ ပုလောမြို့နယ်ထဲမှာ လူခုနစ်ဦး သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်ရှိခဲ့ပြီး ဘယ်အဖွဲ့အစည်းက ဘယ်လိုလုပ်ဆောင်ခဲ့လဲဆိုတာ အသေးစိတ်မသိရသေးဘူးလို့ ပြောပါတယ်။
ဒီသတ်ဖြတ်မှုကို ဘယ်အဖွဲ့အစည်းကလုပ်ဆောင်ခဲ့တယ်ဆိုတာကိုလည်း RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီဟာ ဖေဖော်ဝါရီလ ၂ ရက်နေ့က တစ်နိုင်ငံလုံးက မြို့နယ် ၃၇ ခုကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီး တနင်္သာရီတိုင်းထဲမှာ ပုလောမြို့နယ်နဲ့ တနင်္သာရီမြို့နယ် တို့ကို စစ်အုပ်ချုပ်ရေးကြေညာထားတာ ဖြစ်ပါတယ်။
အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း တနင်္သာရီတိုင်းထဲမှာ အရပ်သားသတ်ဖြတ်ခံရမှု ၃၆၀ အထိ ရှိခဲ့ပြီး ပုလောမြို့နယ်က အရပ်သား ၄၂ ဦး သေဆုံးခဲ့တယ်လို့ သုတေသနအဖွဲ့ Southern Monitor အဖွဲ့ရဲ့ စာရင်းတွေမှာ တွေ့ရပါတယ်။