ကျွန်းလှမြို့မှာ သပြေပန်းပန်သူ အမျိုးသမီး တစ်ဦး အပါအဝင် အရပ်သား သုံးဦး အသတ်ခံခဲ့ရ
2023.11.21

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့မှာ နိုဝင်ဘာလ ၁၁ ရက်နဲ့ ၁၅ ရက်နေ့က သပြေပန်းပန်တဲ့ အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သားသုံးဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ကျွန်းလှဒေသခံ တွေက နို၀င်ဘာလ ၂၁ ရက်ဒီနေ့ RFA ကို ပြောပါတယ်။
နိုဝင်ဘာလ ၁၁ ရက်နေ့က ကျွန်းလှမြို့ သစ်ရာပင်ဈေးထဲမှာ သစ်သီး ရောင်းနေတဲ့ အသက် ၄၁ နှစ်အရွယ် ဒေါ်စန်းစန်းမြင့် ဆိုသူကို မျက်နှာဖုံး စွပ်ထားတဲ့ အမျိုးသားသုံးဦးက သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
နိုဝင်ဘာလ ၁၅ ရက်နေ့မှာလည်း ကျွန်းလှမြို့ အရှေ့ဘက်က ဦးစက်ဟန် ဥယျာဉ်ခြံထဲ နေထိုင်တဲ့ အသက် ငါးဆယ်အရွယ် ဦးထွန်းမြင့်နဲ့ အသက် နှစ်ဆယ်အရွယ် မောင်နိုင်လင်းတို့ဟာ အဲဒီခြံထဲမှာပဲ မီးရှို့သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
လုံခြုံရေးအရ အမည်ဖော်လိုတဲ့ ကျွန်းလှဒေသခံ တစ်ဦးကတော့ နိုဝင်ဘာလ ၁၁ ရက်နေ့ က တစ်လေးလုံး လှုပ်ရှားမှုတွေရှိနေချိန် သပြေပန်း ပန်ထားတဲ့ ဒေါ်စန်းစန်းမြင့်ကို ပျူစောထီးတွေ ပစ်ခတ်သတ်ဖြတ်သွားတာလို့ RFA ကို ပြောပါတယ်။
“ဒေါ်စန်းစန်းမြင့်က သပြေပန်း ပန်ထားတာ။ အဲဒီနေ့ မနက်က မြို့ထဲမှာရှိတဲ့ ပျူစောထီးတွေက ဈေးထဲမှာ လှည့်ပတ်နေကြတာ။ ပထမတော့ ပန်းတွေ မပန်ဖို့ ပြောသွားပြီးတော့မှ နောက်နာရီဝက်လောက်အကြာမှာ ဈေးထဲကို တစ်ခါပြန်လာပြီး သပြေပန်း ပန်ထားတဲ့ ဒေါ်စန်းစန်းမြင့်ကို တွေ့သွားပြီးတော့မှ လူတွေ အရှေ့မှာတင် ပစ်သတ်သွားတာဗျ”
နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း ကျွန်းလှမြို့ပေါ်က စက်သုံးဆီ အရောင်းဆိုင်ပိုင်ရှင် မိသားစု အပါအဝင် ဝန်ထမ်း ကိုးဦးနဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ဂျူးဂျူး စတိုးဆိုင်ပိုင်ရှင် လင်မယားနှစ်ဦးကို ပျူစောထီးအဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် နိုဝင်ဘာလ ၂၁ ရက် ဒီကနေ့ အထိ အဆက်အသွယ် မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ကျွန်းလှမြို့မှာ မြို့အဝင်အထွက်တွေကို ပျူစောထီး အဖွဲ့တွေ ကန့်သတ်ထားသလို မြို့ပေါ် ရပ်ကွက်တွေမှာလည်း ပျူစောထီးအဖွဲ့ဝင်ဖို့ စည်းရုံးမှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျွန်းလှမြို့ပေါ်က အရပ်သားသုံးဦး အသတ်ခံရတာနဲ့ ဖမ်းဆီးခံရတာတွေကို အသေးစိတ် သိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက် ထုတ်ပြန်ချက်အရ စစ်တပ် အာဏာသိမ်းပြီးချိန်ကစလို့ သေဆုံးခဲ့ရတဲ့ အရပ်သား ၄,၁၉၂ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။