မုံရွာမြို့ပတ်လမ်းမှာ လူငယ်တစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံတွေပြော
2024.06.09

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြို့ပတ်လမ်းပေါ်မှာ ဇွန်လ ၇ ရက်နေ့ မနက် ၇ နာရီကျော်က လူငယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်သားတွေ ပစ်သတ်သွားတယ်လို့ မုံရွာမြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သား ဆယ်ယောက်ကျော်ဟာ သူတို့ဖမ်းဆီးလာတဲ့ အဲဒီလူငယ်ကို ကားပေါ်ကနေ လမ်းမပေါ်ကို ဆွဲချပြီး ဦးခေါင်းတည့်တည့်ကို ပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"လူငယ်က အသက် ၂၀ ကျော် အရွယ်လေးပါပဲ။ အသားညိုတယ်၊ ပိန်ပိန်လေးပဲ။ သူတို့ ဘယ်ကနေဖမ်းလာသလဲတော့ မသိဘူး။ ဒီအတိုင်း ကားရပ်ပြီး ကားပေါ်ကနေဆွဲချပြီး ပစ်သတ်သွားတာ။ တကယ့်ကို ဂိုဏ်းစတား ဆန်ဆန်ပဲဗျာ။ မြင်လိုက်ရတဲ့သူတွေကတော့ ပါးစပ်အဟောင်းသားနဲ့ ကျန်ခဲ့တယ်"
သေဆုံးသွားတဲ့ လူငယ်ရဲ့အလောင်းကိုတော့ လူမှုကူညီရေးကားတွေက လာသယ်သွားတယ်လို့ ဆိုပါတယ်။
အဲဒီလူငယ်ရဲ့ နာမည်နဲ့ အသေးစိတ် အချက်အလက်ကိုတော့ RFA အနေနဲ့ သီးခြားတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒီအပေါ်တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇွန်လ ၇ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်း သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် နိုင်ငံတစ်ဝန်းမှာ အရပ်သားငါးထောင်ကျော် (၅,၂၄၀ဦး) သေဆုံးခဲ့ပါတယ်။