KIO အုပ်ချုပ်ရေးအရာရှိ ၁၃ ဦး ထောင် ငါးနှစ်စီ ချမှတ်ခံရ

RFA Burmese
2023.04.13
KIO အုပ်ချုပ်ရေးအရာရှိ ၁၃ ဦး ထောင် ငါးနှစ်စီ ချမှတ်ခံရ KIA အုပ်ချုပ်ရေးအရာရှိ ၁၃ ဦး ဖမ်းဆီးခံခဲ့ရသည့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်မှာ ဖွင့်လှစ်ထားသည့် Happy KTV နေရာအား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ Happy KTV မှာ ဖမ်းဆီးခံခဲ့ရတဲ့ ကချင်လွတ်မြောက်ရေး အဖွဲ့ KIO အုပ်ချုပ်ရေးအရာရှိ ၁၃ ဦးကို ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့ မြစ်ကြီးနား ထောင်တွင်း အထူးတရားရုံးကနေ ထောင်ဒဏ် ငါးနှစ်စီ ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက RFA ကို ဒီနေ့အတည်ပြုပြောပါတယ်။

မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ - ၁၇ (၁) အတွက် ထောင်ဒဏ် နှစ်နှစ်၊ အကြမ်းဖျက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၂ (က)အတွက် ထောင်ဒဏ် သုံးနှစ်၊ စုစုပေါင်း ငါးနှစ်စီ ချမှတ်လိုက်တာလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"ဟုတ်တယ်၊ ထောင်ငါးနှစ် ချလိုက်တာ။ သူနဲ့လည်း တွေ့ခွင့်မရပါဘူး၊ စားသောက် စရာတွေ ထောင်ဝင်စာလား အဲဒါပဲ ပေးလို့ရလိုက်တယ်။ အမှုနှစ်မှုအတွက် ထောင် ငါးနှစ်ပေါ့၊ ထပ်ရင်ဆိုင်စရာအမှု မရှိတော့ပါဘူး၊ ကုန်ပါပြီ။ ကိုယ့်အမျိုးသားကို အဲဒီလိုထောင်ချခံရတယ် သတင်းကြားတာ စိတ်မကောင်းဘူး၊ အရမ်းဝမ်းနည်းတယ်"

KIO အုပ်ချုပ်ရေး အရာရှိတွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ မနက် အစောပိုင်းမှာ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ရွှေလမ်းမပေါ်မှာရှိတဲ့ Happy KTV မှာ ဖမ်းဆီးခံလိုက်ရတာပါ။

ဖမ်းဆီးခံရချိန်ကနေ အခုအထိ မိသားစုနဲ့ တွေ့ခွင့်မရဘဲ၊ ရှေ့နေတွေကနေ တစ်ဆင့် ရိက္ခာပို့ခွင့်ပဲရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူနဲ့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFAက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ဖမ်းဆီးခံထားရတဲ့ အရာရှိ ၁၃ ဦးထဲမှာ KIO ရဲ့ အုပ်ချုပ်ရေးအရာရှိတွေဖြစ်ကြတဲ့ မုန်ရာ၊ ဘောမ်ချန်း၊ ခွန်းအောင်၊ တူးရှန်၊ မုန်ဒန်၊ လဖိုင်အောင်ဂမ်၊ နော်အောန်၊ ခေါယိန်း၊ နော်ဘန့်၊ လာအောင်၊ နော်လီတို့ ၁၁ ဦးရဲ့ နာမည်သိရပေမယ့် ကျန် နှစ်ဦးကိုတော့ မသိရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။