ကေအိုင်အိုနဲ့ မြန်မာအစိုးရတပ်တွေ ထပ်မံတိုက်ခိုက်
2011.07.27

Photo: Kachin News Group
ကျောက်စိမ်းတွင်း ဒေသမှာ အခြေစိုက်ထားတဲ့ ကေအိုင်အို တပ်ရင်း ၆ နဲ့ မြန်မာအစိုးရ ဆားမှော် အခြေစိုက် ခလရ ၁၀၅ တပ်ရင်းတို့ မနေ့ ညနေမှာ မြစ်ကြီးနားကနေ ဖားကန့် သွားလမ်းမှာရှိတဲ့ ကာမိုင်းမြို့အနီးမှာ တိုက်ပွဲဖြစ်ခဲ့တာလို့ ဖားကန့်ဒေသခံ တစ်ယောက်က ပြောပါတယ်။
“ ၆ နာရီ ၂၅ မှာ ဖြစ်တာကတော့ ကာမိုင်းအဝင်မှာ သူတို့ စစ်ကြောင်း တက်လာတာကို ကြားဖြတ် ဝင်တိုက်တယ်။ အင်အားက ၄၀ ကျော်လောက်ပဲ ရှိတယ်လို့ပြောတယ်။ ၄ ယောက်သေတယ်။ ၁၅ ယောက် ဒဏ်ရာရသွားတယ်။ ကား ၂ စီးနဲ့ တက်လာတာ။ ကားပေါ်မှာ ပစ္စည်းတင်ပြီး လူက လမ်းလျှောက် လာတာ။ အဲဒီလိုမျိုး တက်လာတာကို ကြားဖြတ် ပြောက်ကျားလုပ်ကြတာပေါ့။ အဲဒီမှာ ၂ ယောက်သေတယ်။ ၁ ယောက်က ဒဏ်ရာပြင်းတယ်”
ဒီကိစ္စနဲ့ပတ်သက်လို့ ကေအိုင်အို တပ်ရင်း ၆ က အရာရှိတွေက အတည်ပြုပေမဲ့ အသေးစိတ် ပြောဆိုတာ မရှိပါဘူး။
နှစ်ဖက် စစ်ရေးအရ တိုက်ခိုက်တာတွေ ဖြစ်လာတာက တကြောင်း၊ မိုးရာသီ ရောက်နေတာက တကြောင်းကြောင့် ဖားကန့် ကျောက်စိမ်းဒေသမှာ အရောင်းအဝယ်တွေလည်း ရပ်တန့် သလောက်ဖြစ် သွားတယ်လို့လည်း ဖားကန့်ဒေသခံက ပြောပါတယ်။