ဖားကန့်မှာ ကျောက်စိမ်းကုမ္ပဏီ တိုက်ခိုက်မှုနဲ့ ဆက်ကြေးကောက်မှု KIO ငြင်းဆို
2015.07.03

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတချို့ ဖောက်ခွဲတိုက်ခိုက်ခံရတာတွေနဲ့ ပတ်သက်လို့ အစိုးရနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ KIA ကချင်လွတ်မြောက်ရေးတပ်မတော်က သူတို့အဖွဲ့ရဲ့ လက်ချက်မဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။
အစိုးရတပ်နဲ့ KIA တပ်တွေတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားပြီးနောက် ကျောက်စိမ်းကုမ္ပဏီတွေပါ အတိုက်အခိုက်ခံရတယ်ဆိုတဲ့ သတင်းတွေ ဆက်လက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ဖားကန့်ဒေသရှိ KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်မှူးတန်ဆန့်က ခုလိုပြောပါတယ်။
"ပေါက်ကွဲတယ်ဆိုရင် ကျနော်တို့ ကေအိုင်အေဘက်တပ်ဖွဲ့တွေကိုပဲ ထင်နေကြတာ၊ အမှန်ဆိုတော့ ဖားကန့်တွင်းတွေက ပေါက်ကွဲဖို့ပစ္စည်းကတော့ အသေအချာရှိတဲ့နေရာပါ၊ ကုမ္ပဏီတစ်ခုကို ယမ်းတန်ချိန်ရာချီရှိပြီးတော့ ယမ်းတစ်ခါပေါက်ဖို့ ဘယ်ကယူယူရတယ်လေ၊ အခုအချိန်မှာ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်နေတဲ့အချိန်ကာလ ဖြစ်တဲ့အခါကျတော့ ကြားကလုပ်သွားတဲ့လူလည်း ရှိကောင်းရှိမှာပါ၊ အဲ့ဒီအတွက်တော့ ကုမ္ပဏီကိုမကျေနပ်တဲ့ ရေမဆေးသမားတွေလည်းဖြစ်နိုင်တယ်၊ နောက်တစ်ခုက ကျနော်တို့ ကေအိုင်အိုအစိုးရနဲ့ တပ်မတော်နဲ့ကြားမှာ ပဋိပက္ခရှုပ်ထွေးအောင် လုပ်ချင်တဲ့သူတွေကလည်းလို့ ကျနော်ကထင်တယ်၊ ကျနော်တို့ချည်းပဲ ဖောက်တာမဟုတ်ဘူးလို့ ကျနော်က ပြောချင်တယ်"
ဖားကန့်ဒေသတိုက်ပွဲတွေဟာ ဖားကန့်-ကာမိုင်းကြားမှာဇွန်လ ၁၅ရက်နေ့ နောက်ပိုင်းမှာ ဖြစ်ပွားခဲ့ပြီး အနီးအနား မှာရှိတဲ့ ကျေးရွာတချို့ကို တိမ်းရှောင်ဖို့ အစိုးရတပ်တွေက သတိပေးခဲ့တာတွေရှိတယ်လို့ ဆိုပါတယ်။ ရွာသူရွာသား တချို့ဟာ KIA တပ်ရင်း ၆ ဘက်ကို ထွက်ပြေးလာတာတွေရှိတယ်လို့ ဆိုပါတယ်။
အခုလိုတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားပြီးနောက်ပိုင်း ဇွန်လ နောက်ဆုံးပတ်အတွင်း ဖားကန့်မြို့အနီး လမ်းတံတားတွေ ဖျက်ဆီးခံရတာမျိုးတွေရှိလာတဲ့အပြင် အစိုးရနဲ့ နီးစပ်တဲ့ ထူးကုမ္ပဏီအပါအဝင် ကျောက်စိမ်း တူးဖော်နေတဲ့ ကုမ္ပဏီတချို့လည်း ဖောက်ခွဲတိုက်ခိုက်ခံရတာတွေရှိတယ်လို့ ဒေသခံတွေပြောပါတယ်။
KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်မှူးတန်ဆန့်ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။