ကေအိုင်အို နဲ့ အစိုးရတို့ ထပ်မံတွေ့ဆုံ


2013.03.11
kio-government-meet-b305 ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုနဲ့ အစိုးရ ကိုယ်စားလှယ်အဖွဲ့တို့ တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့က ပြည်ထောင်စုအဆင့် နိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲ ပြုလုပ်နေစဉ်။
Photo: courtesy of a citizen journalist

တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မီတီအဖွဲ့နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ကေအိုင်အိုတို့ ဒီကနေ့ မတ်လ ၁၁ ရက်နေ့က နှစ်ဖက်တွေ့ဆုံဆွေးနွေးရာမှာ အစိုးရဖက်က အပစ်အခတ်ရပ်စဲရေးနဲ့ ဗန်းမော် - လိုင်ဇာလမ်းကိုဖွင့်ပေးဖို့ အဓိကထား ပြောဆိုဆွေးနွေး တယ်လို့ သိရပါတယ်။

အစိုးရဖက်က ငြိမ်းချမ်းရေးဆွေးနွေးရေးကော်မီတီ ဒုတိယဥက္ကဌ သမ္မတရုံး ဝန်ကြီးဦးအောင်မင်း အပါအဝင် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးမှူး အထူးအဖွဲ့မှုး ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးနဲ့အတူ မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်ပိုင်းတိုင်းက စစ်တိုင်းမှုးတွေ၊၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က ဝန်ကြီးချုပ်တွေအပြင် နယ်စပ်ရေးရာ တာဝန်ရှိသူတွေပါတယ်လို့ သိရပါတယ်။

ကေအိုင်အို ကိုယ်စားလှယ်တွေဘက်မှာတော့ ဦးှဆွမ်လွတ်ဂမ်နဲ့အတူ ကေအိုင်အို ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့ တက်ရောက်ကြပါတယ်။

နှစ်ဖက်ဆွေးနွေးမှုဟာ ဒီကနေ့ ညနေ ၄ နာရီမှာ ခေတ္တပြီးဆုံးခဲ့ပြီး ည ၉ နာရီမှာ ဆွေးနွေးပွဲပြန်စပေမယ့်နှစ်ဖက်ဆွေးနွေးမှု ရလာဒ်ကိုတော့ အခုအချိန်ထိ ထုတ်ဖော်ပြောကြားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ဒါပေမယ့် ဒီတကြိမ်ဆွေးနွေးပွဲမှာ နှစ်ဖက် စစ်ရေး ခေါင်းဆောင်တွေပါတာကြောင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရလိမ့်မယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင်တွေက မျှော်လင့်နေကြပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲကို ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် တိုင်းရင်းသားခေါင်းဆောင်တွေအပြင် ရှမ်းပြည်တပ်မတော် RCSS/SSA အဖွဲ့၊ မိုင်းလားအဖွဲ့ခေါင်းဆောင်တွေ တက်ရောက်ကြပါတယ်။

ဆွေးနွေးပွဲမှာပါဝင်မယ်လို့ သတင်းထွက်နေတဲ့ ဝပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA အဖွဲ့တော့ တက်ရောက်ခဲ့ခြင်း မရှိပါဘူး။

အစည်းအဝေးတက်ရောက်နေတဲ့ အစိုးရငြိမ်းချမ်းရေးအဖွဲ့က အကျိုးတော်ဆောင်တစ်ဦးဖြစ်သူ ဦးလှမောင်ရွှေကို RFA ဝိုင်းတော်သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။