ဦးအောင်မင်းနှင့် KIO ပထမဆုံးအကြိမ် တွေ့ဆုံ
2012.05.21

KIO အဖွဲ့ဟာ ဦးအောင်သောင်း ဦးဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ လေးကြိမ်ထက်မနည်း တွေ့ဆုံပြီး ဖြစ်ပေမဲ့ ပြန်လည်ဖွဲ့စည်းထားတဲ့ ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့နဲ့ အခု ပထမဆုံးအကြိမ် တွေ့ဆုံတာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲမှာ ပါဝင်သူ KIA တပ်ဖွဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဆက်ပြီး ဆွေးနွေးမဲ့ ဆွေးနွေးပွဲတွေ တိုးတက်မှုရအောင် အခုပဏာမအဆင့် တွေ့ဆုံတာလို့ အခုလိုပြောပါတယ်။
"ကျွန်တော်တို့ မနက်ပိုင်း ၈ နာရီခွဲလောက်ကနေ နေ့လည် ၁၂ နာရီလောက်အထိ ကျွန်တော်တို့ အလွတ်သဘော တွေ့ကြတာပါ။ တမနက်လုံးလို့ ပြောလို့ရပါတယ်။ ရှေ့လုပ်ငန်းစဉ်ကို ကျွန်တော်တို့ ဆွေးနွေးတယ်။ ထပ်ပြီးတွေ့ကြဖို့ကို သဘောတူတယ်။ အဲတာပါပဲ။ ကျွန်တော်တို့ ဒီနေ့ဆွေးနွေးတာက ရှေ့လုပ်ငန်း အစီအစဉ်တွေကို အဓိက ပြောဆိုတာပါ"
ဒီကနေ့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို နှစ်ဘက်လုံးက ပြောဆိုခြင်း မပြုပါဘူး။ ဆွေးနွေးပွဲမှာ ပြည်တောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က မီးရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်း ၊ ဦးခင်ရီနဲ့ ဦးစိုးသိန်းတို့ ပါဝင်ပြီး ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ဦးလမိုင်ဂွမ်ဂျာ၊ ဦးခရာခွန်းအောင်တို့ ပါဝင်ကြောင်း သိရပါတယ်။