ကေအိုင်အိုနဲ့ အစိုးရကိုယ်စားလှယ်တွေ သဘောတူညီချက် မရသေး
2012.03.09

ဒုတိယနေ့ ဆွေးနွေးတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ကေအိုင်အို ဒုတိယစစ်ဦးချုပ် ဗိုလ်ချုပ် ဂွမ်မော်က တပ်တွေ ဘယ်လိုလုပ်ပြီး ရှင်းလင်းမလဲ ဆိုတာကို အဓိက ဆွေးနွေးကြကြောင်း၊ မနက်ဖြန် မနက် ၉ နာရီမှာ ပြန်လည်စတင်မှာ ဖြစ်ကြောင်း ပြောပါတယ်။ အဆင့် ၃ ဆင့်ကို လက်ခံရေး၊ တပ်တွေကို ရှင်းလင်းထားရေးနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုခုရဲ့ရှေ့မှာ လက်မှတ်ထိုးရေးဆိုတဲ့ အချက် ၃ ချက် KIA က တင်ထားကြောင်း ပြောပါတယ်။
ကေအိုင်အိုအနေနဲ့ အစိုးရဘက်က လိုချင်တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူဖို့ကို လက်မခံရတဲ့ အကြောင်းနဲ့ ပတ်သက်လို့ ဗိုလ်ချုပ် ဂွမ်မော်က ဆက်လက် ရှင်းပြပါတယ်။
“Road Map ၇ ချက်ကို ကျွန်တော်တို့ ကေအိုင်အိုက အများကြီး ပါဝင်ပူးပေါင်း ဆောင်ရွက်ခဲ့တယ်။ ဒါပေမယ့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးခွင့် မရဘဲနဲ့ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တယ်။ ဒီအခါမှာလည်း ကျွန်တော်တို့က အပစ်အခတ်ရပ်စဲပြီးမှပဲ နောက်ကိစ္စတွေ ဆွေးနွေးရအောင် ဆိုတာက အရင်အတွေ့အကြုံအရ လက်ခံဖို့ ခက်ခဲတယ်။ ကျွန်တော်တို့ လိုချင်တာကတော့ အပစ်အခတ် ရပ်ဆိုင်းရေးနဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုဟာ တစ်ပြိုင်တည်း ဖြစ်သွားရမယ်။ အဓိကတော့ နိုင်ငံရေး ဆွေးနွေးတယ်ဆိုရင် အပစ်ခတ်တွေက သူ့ဟာနဲ့သူ လျော့ပါးသွားနိုင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြောတာက နိုင်ငံရေးဆွေးနွေးမှု လုပ်ဖို့အတွက် တစ်ခါတည်း လက်မှတ်ထိုးမယ်။ လက်မှတ်ထိုးတဲ့အခါမှာ ခုနပြောသလို အချက် ၃ချက်အောက်မှာ ထိုးမယ်”
တခြားရှမ်းနဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲရေး အစိုးရက စာချုပ်ချုပ်ထားတာဟာ နောက်ဖြစ်ပေါ်လာမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအတွက် ပြင်ဆင်တာ မဟုတ်တာကြောင့် ခိုင်ခိုင်မာမာဖြစ်အောင် လက်မှတ်ထိုးချင်တယ်လို့လည်း ဗိုလ်ချုပ် ဂွမ်မော်က ပြောပါတယ်။
ကေအိုင်အိုနဲ့ မြန်မာအစိုးရဟာ ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလမှာ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးခဲ့ပါတယ်။ ၁၇ နှစ်အကြာ ၂၀၁၁ ခု ဇွန်လမှာ အစိုးရတပ်တွေက ကေအိုင်အိုကို စတင်တိုက်ခိုက်ရာကနေ စစ်ရေးအရ အခုအချိန်အထိ တင်းမာနေတာဖြစ်ပါတယ်။