KIO ကချင်နယ်မြေမှာ ရိုဟင်ဂျာ လက်နက်ကိုင်လှုပ်ရှားခွင့် ရရှိရေး ဆွေးနွေး
2014.09.10

ထိုင်းနိုင်ငံမှာ အခြေစိုက်ထားတဲ့ မြန်မာရိုဟင်ဂျာ အသင်း BRAT- Burmese Rohingya Association in Thailand အဖွဲ့ရဲ့ ဥက္ကဌ ဦးမောင်ကျော်နု ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ KIO ကချင်လွတ် မြောက်ရေးအဖွဲ့ ရဲ့ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင်းတို့ ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တွေ့ဆုံပြီး ဆွေးနွေး ကြတဲ့ ဗွီဒီယိုရုပ်သံမှတ်တမ်းတစ်ခုကို အခုစက်တင်ဘာ လ ၇ ရက်နေ့မှာ BRAT အဖွဲ့က ယူကျု့အင်တာနက်မှာ လွှင့်တင်လိုက်ပါတယ်။
အဲ့ဒီရုပ်သံဖိုင်ထဲမှာ BRAT ရိုဟင်ဂျာအသင်း ဥက္ကဌ ဦးမောင်ကျော်နုက KIA ရဲ့စစ်ရေးအကူအညီ လိုအပ်ကြောင်း ပြောဆိုခဲ့ပြီး၊ ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင်းကလည်း ညီညွတ်ကြဖို့နဲ့ ကိုယ့်ကိုကိုယ် ဝေဖန်ဖို့လိုအပ်ကြောင်း ပြောဆို ခဲ့ပါတယ်။
ဒါ့အပြင် ဦးမောင်ကျော်နုက ရိုဟင်ဂျာနဲ့ကချင်ဟာ ညီအကိုဖြစ်တဲ့အတွက် အပြန်အလှန် အကူအညီပေး ဖို့ပြောဆိုခဲ့သလို KIO ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင်း ကလည်း KIO/KIA အဖွဲ့ဟာ ဂျပန်ခေတ်လက်ကျန်သေနတ် အနည်းငယ်နဲ့စတင်တည်ထောင်ရာကနေ မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့ တိကျတဲ့လှုပ်ရှားမှုတွေကြောင့် အင်အားကြီးမားတဲ့အဖွဲအစည်း ဖြစ်လာတာဆိုတဲ့အကြောင်းတွေ ဥပမာပေးပြောဆိုသွားခဲ့ပါတယ်။
KIO ကချင်လွတ်မြောက်ရေးအဖွဲ့ကို BRAT ခေါ် ဗမာ-ရိုဟင်ဂျာအသင်းက စစ်ရေးအကူအညီ တောင်း တဲ့ ဆွေးနွေးပွဲ ရုပ်သံဖိုင်ပါပြောဆိုချက်တွေကို RFA ဝိုင်းတော်သားကိုနေရိန်ကျော်က ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။
ထိုင်းနိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာအသင်း BRAT- Burmese Rohingya Association in Thailand အဖွဲ့ ဥက္ကဌ ဦးမောင်ကျော်နုကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။
KIO ကချင်လွတ်မြောက်ရေးအဖွဲ့ရဲ့ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင်း ကိုလည်း RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။