အပစ်ရပ်စာချုပ်လက်မှတ်ထိုးဖို့ အဆင်သင့် မဖြစ်သေးကြောင်း ကေအိုင်အို ဒုဥက္ကဌ ပြောကြား
2015.09.12

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က လာမယ့်အောက်တိုဘာလ ပထမပတ်အတွင်း အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးကြဖို့ ကမ်းလှမ်းချက်ကို ဝမ်းသာပေမယ့် KIO ကချင်လွတ်မြောက်ရေးအဖွဲ့အနေနဲ့ လက်မှတ်ရေးထိုးဖို့ အဆင် သင့်မဖြစ်သေးကြောင်း KIO ဒုတိယဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောလိုက်ပါတယ်။
ဗိုလ်ချုပ်ကြီးအင်ဘန်လက ရန်ကုန်မြို့စမ်းချောင်းမြို့နယ်က ကချင်ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှာ မနေ့ညက ကျင်းပတဲ့ လူထုတွေ့ဆုံပွဲမှာ ပြောကြားခဲ့တာပါ။
"သမ္မတက သတ်မှတ်တဲ့ အောက်တိုဘာလ ပထမပတ်အတွင်း အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ ကမ်းလှမ်းချက်ဟာ KIO အဖွဲ့အတွက် မဖြစ်နိုင်သေးကြောင်း၊ သမ္မတရဲ့ ကမ်းလှမ်းချက်ကို ဝမ်းသာကြောင်းနဲ့ လက်မခံတာမဟုတ်ဘဲ လက်မှတ်ရေးထိုးဖို့ အဆင်သင့်မဖြစ်သေးတာသာဖြစ်တယ်ဆိုတာ ကချင်တိုင်းရင်း သားတွေကို သိထားစေလိုကြောင်း” ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောပါတယ်။
တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး ဆိုတာနဲ့ပတ်သက်ပြီး လက်ရှိ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လေ့လာဖို့ လိုအပ်သလို ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်တိုင်း တစ်ဘက်က တပ်မတော်က ရှမ်း၊ ကချင်၊ ပလောင်ဒေသတွေမှာ ထိုးစစ်ဆင်နေတယ်လို့လည်း ပြောပါတယ်။ ကေအိုင်အိုဟာ ငြိမ်းချမ်းရေးမလိုချင်ဘူး၊ ခေါင်းမာတယ်ဆိုပြီး ပုတ်ခတ်ပြောဆိုနေတာတွေလည်းရှိတယ်လို့ သူ့အနေနဲ့ သိရှိရကြောင်းလည်း ပြောပါတယ်။
ကေအိုင်အိုဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ရေးဆိုတဲ့ မူကိုလက်ကိုင်ထားဆဲဖြစ်သလို အစိုးရနဲ့တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့တွေနဲ့လည်း ဆွေးနွေးတိုင်ပင်ရဦးမယ်လို့လည်း ပြောပါတယ်။ သမ္မတပြောတာကို လက်ခံပေမယ့် ကမ်းလှမ်းထားတဲ့ရက်မှာ လက်မှတ်မထိုးနိုင်သေးတာဖြစ်ကြောင်းလည်း ပြောပါတယ်။