KNDF နဲ့ စစ်ရေးနိုင်ငံရေး ပူးပေါင်းဆောင်ရွက်နေကြောင်း NUG ပြော

2021.12.13
KNDF နဲ့ စစ်ရေးနိုင်ငံရေး ပူးပေါင်းဆောင်ရွက်နေကြောင်း NUG ပြော ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တပ်ဖွဲ့ဝင်တချို့အား တွေ့ရစဉ်။
Photo: Karenni Nationalities Defense Force - KNDF BO1

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန တို့ဟာ စစ်ဆင်ရေးနဲ့ နိုင်ငံရေးကိစ္စတွေမှာ စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဒီဇင်ဘာ ၁၃ ရက် ညပိုင်းမှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

KNDF ဟာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ( KNPP) လက်အောက်ခံ ကရင်နီတပ်မတော် (KA) နဲ့ အတူလက်တွဲပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးမှာ တပ်ဦးကနေ တွန်းလှန်တိုက်ခိုက်နေတဲ့ တပ်ဖွဲ့ဖြစ်တဲ့အပြင်၊ စနစ်ကျတဲ့ ဖွဲ့စည်းပုံ၊ စစ်ဦးစီးမှု၊ ခိုင်မာတဲ့ မူဝါဒတွေနဲ့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ ကြီးကြပ်မှုအောက်မှာ ရပ်တည်နေတယ်လို့လည်း ဦးရည်မွန်က ပြောပါတယ်။

ဒါ့အပြင် KNDF ဟာ ဒေသအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့လည်း NUG ကာကွယ်ရေးဝန်ကြီးရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒါ့ကြောင့် KNDF ကို ကာကွယ်ရေးဝန်ကြီးဌာန (အမျိုးသားညီညွတ်ရေးအစိုးရ) က အသိအမှတ်ပြု၊ ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်ကြောင်း အဲ့ဒီကြေညာချက်မှာ ဖော်ပြပါတယ်။

စစ်ရေးနိုင်ငံရေး ပူးပေါင်းဆောင်ရွက်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးရဲ့ ထုတ်ပြန်ကြေညာချက်နဲ့ ပတ်သက်ပြီး KNDF အဖွဲ့က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာတော့ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။