ဒေသခံတွေ လေကြောင်းလိုင်းအသုံးမပြုဖို့ KNDF သတိပေး
ကယားပြည်နယ်က ဒေသခံတွေအနေနဲ့ လုံခြုံရေးအသိနဲ့ စစ်ကောင်စီရဲ့ မြန်မာ့အမျိုးသား လေကြောင်းလိုင်း ကို မစီးနင်းဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ဒီဇင်ဘာလ ၃ ရက် ဒီနေ့မှာ သတင်းထုတ် ပြန်ပြီး သတိပေးတိုက်တွန်းထားပါတယ်။
တပ်အင်အား၊ လက်နက်နဲ့ ရိက္ခာတင်လာတဲ့ စစ်ကောင်စီပိုင်စစ်လေယာဉ်တွေ ကယားပြည်နယ် လွိုင်ကော် လေဆိပ်ကို ဆင်းသက်နေတာကြောင့်လည်း ဒေသခံတွေအနေနဲ့ လုံခြုံရေးအသိထားပြီး လေကြောင်းလိုင်းနဲ့ ခရီးမထွက်ဖို့ တိုက်တွန်းတယ်လို့ KNDF က ဆိုပါတယ်။
အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေအားလုံးကို စစ်အုပ်စုက ထိန်းချုပ်လိုက်ပြီး ရရှိလာတဲ့ဘဏ္ဍာငွေတွေအသုံးပြုကာ ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုတွေကို ဖိနှိပ်တိုက်ခိုက်ဖြိုခွင်းတာတွေ လုပ်နေတာကြောင့် အခုလို တိုက်တွန်းတားမြစ်ရတာလို့လည်း ထုတ်ပြန်ချက် မှာ ပါရှိပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီကသိမ်းယူထားပြီး လွိုင်ကော်မြို့ကို ပြေးဆွဲပျံသန်းနေတဲ့ မြန်မာ့အမျိုးသား လေကြောင်းလိုင်းခရီးစဉ်တွေမှာ ကယားပြည်နယ်က ဒေသခံပြည်သူတွေ လိုက်ပါစီးနင်းနေတယ်လို့ KNDF ကပြောထားပါတယ်။
စစ်ကောင်စီတပ်တွေဟာ နိုဝင်ဘာလ ပထမအပတ်ကစပြီး စစ်ကိုင်းနဲ့ မကွေးတိုင်း အပါအဝင် သူတို့ကို အပြင်းအထန် တော်လှန်တိုက်ခိုက်နေတဲ့ ဒေသက ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေကို လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် ဒေသခံတွေဟာ နီးစပ်ရာတောတောင်တွေထဲ ထွက်ပြေးပုန်းရှောင် နေရပါတယ်။