စစ်ကောင်စီ ဝင်ရောက်စီးနင်းတဲ့ KNU ထိန်းချုပ်နယ်မြေ လေးကေ့ကော်မှာ တိုက်ပွဲပြင်းထန်
ဒီဇင်ဘာလ ၁၄ ရက် မနေ့က စစ်တပ်ဘက်ကနေ ဝင်ရောက်စီးနင်းခဲ့တဲ့ ကရင်ပြည်နယ် မြဝတီမြို့နယ်၊ KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ လေးကေ့ကော် မြို့သစ်မှာ ဒီဇင်ဘာလ ၁၅ ရက် ဒီကနေ့မနက်ပိုင်းက နေရာ သုံးနေရာမှာ စစ်တပ်နဲ့ KNLA-PDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လေးကေ့ကော်မြို့ အမှတ် ၆ ရပ်ကွက်ရဲ့ အနောက်ဘက်၊ ရသေ့ဂူရွာအနီး၊ လေးကေ့ကော် ရေတံခွန် စတဲ့ နေရာသုံးခုမှာ တိုက်ပွဲတွေဖြစ်ခဲ့ပြီး မြို့အနီးမှာရှိတဲ့ ဗျူဟာကုန်းကနေ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခဲ့တာကြောင့် နှစ်ဖက်အခြေအနေ တင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"လက်နက်ကြီးက ဆက်တိုက်ပစ်တယ်။ အခုလက်နက်ကြီးသံ ရပ်သွားပြီး လက်နက်ငယ်တွေ ပစ်နေတာရှိတယ်"
မနေ့ကတည်းက လူ ၂၀ ကျော် ဝင်ဖမ်းသွားတဲ့ စစ်တပ်ကို ဒီနေ့ မြို့ထဲထပ်မဝင်ဖို့ KNLA ဘက်က သတိပေး ထားပေမယ့် သတ်မှတ်စည်းကိုကျော်ပြီး ဝင်လာတဲ့အတွက် ဒီမနက် ၁၁ နာရီလောက်မှာ တိုက်ပွဲတွေ စဖြစ်ခဲ့တာလို့ လေးကေ့ကော်ဖြစ်စဉ်ကို အနီးကပ်စောင့်ကြည့်နေသူ တစ်ဦးဖြစ်တဲ့ AAC မဟာမိတ်အဖွဲ့က ကိုရဲမင်းက ပြောပါတယ်။
“လက်ရှိ အနေအထားကတော့ အကြမ်းဖက် စစ်ကောင်စီဘက်က လေးကေ့ကော်အနီးမှာ ဗျူဟာကုန်း ဆိုတဲ့အပေါ်မှာ လက်နက်ကြီးတွေ ဆင်ထားတယ်။ အမြောက်ကုန်းလို့လည်း ခေါ်တာပေါ့။ မနေ့က ကတည်းက စတင်ချိန်ရွယ်ထားပြီးတော့ ဒီနေ့မှာ စတင်ပစ်ခတ်တယ်။ အခု ကျနော် ဖုန်းပြောနေတဲ့ အချိန်အထိ ၁၀ လုံး ကျော်လောက်ရှိပြီ။ လက်နက်ကြီးတွေနဲ့ပစ်တာ”
စစ်ကောင်စီတပ်တွေဟာ မနေ့က လေးကေ့ကော်မြို့ထဲကို အင်အားအလုံးအရင်းနဲ့ ၆ ကြိမ်တိတိ ဝင်ရောက် စစ်ဆေးခဲ့ပြီး NLD မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝေလင်းအောင် အပါအဝင် နိုင်ငံရေးလှုပ်ရှားသူ ၂၀ ကျော်ကို ဖမ်းဆီးသွားပါတယ်။
အဖမ်းခံရသူတွေကို ပြန်ကယ်နိုင်ဖို့အတွက် KNLA ၊ KNDO နဲ့ PDF ပူးပေါင်းတပ်တွေက စစ်တပ်ပြန်ထွက်မယ့် ထွက်ပေါက်တွေကို ပိတ်ဆို့ထားရာကနေ တိုက်ပွဲတွေ စဖြစ်ခဲ့တာလို့လည်း ဒေသခံတွေက ပြောကြပါတယ်။
ဒီမနက် တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်ဘက်က ခြောက်ယောက်သေဆုံးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတချို့က ပြောပေမယ့် ဒါနဲ့ပတ်သက်ပြီး RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒီမနက်တိုက်ပွဲအခြေအနေ အသေးစိတ်သိနိုင်ဖို့အတွက် စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က အကြိမ်ကြိမ် ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
KNU အနေနဲ့ လေးကေ့ကော်ဒေသမှာ ခိုလှုံနေသူတွေကို လူသားချင်း စာနာထောက်ထားမှုအရ လက်ခံထား တာဖြစ်ပြီး၊ စစ်တပ်က ဒါကို လေးစားမှုမရှိဘဲ နယ်မြေထဲ အတင်းတိုးဝင်လာလို့ တိုက်ပွဲဖြစ်ရတာလို့ KNU ဗဟိုကော်မတီဝင် ပဒိုစောတောနီး က RFA ကို ပြောပါတယ်။
“ကျနော်တို့ ရပ်တည်ချက်အတိုင်း တစ်ဖက်ကလည်း လေးစားလိုက်နာဖို့ လိုတယ်လေ။ လေးစားလိုက်နာမှု မရှိဘဲ ပြောင်ပြောင်တင်တင်း ချိုးဖောက်ပြီးတော့ လူသားချင်းစာနာမှု ထောက်ထားတဲ့ အနေအထားကို တစ်ခါတည်း ဝင်ပြီးတော့ လုပ်တာလေ။ နိုင်ငံတကာမှာလည်း ပြဌာန်းထားတဲ့ အချက်အလက်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာပဲ။ Humanitarian Law တွေက ဒါတွေက အလကား ချမှတ်ထားတာ မဟုတ်ဘူး။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဒါတွေက လေးစားမှု ရှိရမယ့်ဟာတွေ ဖြစ်တယ်။ ကိုယ်က လေးစားသလို သူကလည်း လေးစားဖို့လိုတယ်။ လေးစားမှု အပြန်အလှန် ရှိဖို့လိုတယ်။ အခုက ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာပဲ”
လွန်ခဲ့တဲ့ နှစ်လလောက်က လေးကေ့ကော်မြို့သစ်ထဲမှာ နေထိုင်သူတွေတွေထံကနေ စစ်လက်နက်တွေ ဖမ်းမိရာကနေ အဲဒီဒေသမှာ ခိုလှုံနေတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကို စစ်တပ်ဘက်က သံသယနဲ့ စောင့်ကြည့် ခဲ့ပြီးတဲ့နောက် မနေ့က ဝင်ရောက်ဖမ်းဆီးခဲ့တာလို့လည်း ဒေသခံတွေက ပြောကြပါတယ်။
စစ်တပ်က ဒီနေ့မနက်မှာလည်း မြို့ထဲကနေအိမ်တွေကို တစ်အိမ်တက်ဆင်း ထပ်မံရှာဖွေ ဖမ်းဆီးနေတယ်လို့ လေးကေ့ကော်မြို့သစ်ကနေ ထွက်ပြေးတိမ်းရှောင်နေရသူတစ်ဦးက RFA ကို ပြောပါတယ်။
"ဒီနေ့ကျတော့ ထပ်ပြီးတခြားရပ်ကွက်တွေကို ဝင်တဲ့ပုံစံမျိုးပဲ။ တစ်အိမ်ဆင်း တစ်အိမ်တက်။ တခြား ကျန်တဲ့ ရပ်ကွက်တွေကိုရောပဲ။ လေးကေ့ကော်မှာ ၆ ရပ်ကွက်ရှိတယ်ဆိုရင် မြို့ထဲမှာ ကျန်နေတဲ့ ၁ ရပ်ကွက်၊ ၂ ရပ်ကွက်၊ ၃ ရပ်ကွက်ဆို ပြီး ရှိတာ ကျန်တဲ့ ၁ နဲ့ ၂ ကို ထပ်ပြီးဝင်တယ်။ ဆေးရုံတွေကို ဝင်စစ်တာမျိုးတွေ ဒီကောင်တွေ လုပ်ခဲ့တယ်။ ဒီနေ့ကတော့ အဲဒီ ၁ နဲ့ ၂ ကိုပါ ထပ်ဝင်မယ် ၃ ရပ်ကွက်ပါ ဝင်မလို့ လုပ်နေချိန်မှာပဲ သူတို့ တိုက်ပွဲဖြစ်တာ။ ဘယ်ဖက်က စဖြစ်လဲတော့ သေချာမသိရဘူး။ ဒါပေမဲ့ လက်နက်ကြီးက ဆက်တိုက်ပစ်တယ်။ အခုလက်နက်ကြီးသံ ရပ်သွားပြီး လက်နက်ငယ်တွေ ပစ်နေ တာရှိတယ်"
လက်ရှိမှာ လေးကေ့ကော်မြို့ရဲ့ တစ်ဘက်စွန်းစီမှာရှိတဲ့ အမှတ် ၆ ရပ်ကွက်နဲ့ အမှတ် ၃ ရပ်ကွက်တွေဘက်မှာ တိုက်ပွဲတွေဖြစ်နေပြီး စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် သူအပါအဝင် ဒေသခံ အတော်များများ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
မနေ့က NLD မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝေလင်းအောင်နဲ့ အတူ လူ ၂၃ ဦး အဖမ်းခံခဲ့ရပြီး၊ ဒီနေ့မှာလည်း ဆက်လက်ဖမ်းဆီးမှုတွေ ရှိတာကြောင့် အဖမ်းခံရသူ စုစုပေါင်း ၅၀ ခန့် ရှိနိုင်တယ်လို့ လေးကေ့ကော်ဖြစ်စဉ်ကို အနီးကပ် စောင့်ကြည့်နေသူတစ်ဦးဖြစ်တဲ့ AAC မဟာမိတ်အဖွဲ့က ကိုရဲမင်း က ပြောပါတယ်။
လေးကေ့ကော်ဒေသဟာ KNU ထိန်းချုပ်နယ်မြေဖြစ်ပေမဲ့ စစ်တပ်ဘက်က လက်လှမ်းမီနေတဲ့ အညိုရောင် နယ်မြေဖြစ်တာကြောင့် နိုင်ငံရေးလှုပ်ရှားသူတွေအနေနဲ့ ဒီ့ထက်ပိုလုံခြုံတဲ့နယ်မြေတွေမှာပဲ ခိုလှုံသင့်တယ်လို့ နိုငငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က အကြံပြုပါတယ်။
“သူ့ကို ဆန့်ကျင်တဲ့ အင်အားစုတွေထဲက ဒီမှာလာပြီး နိုင်ငံရေးအရ ခိုလှုံတာတွေ ဘာတွေရှိလာတယ်လို့ သံသယရှိလာတဲ့အခါမှာ ဒီလိုစီးနင်းတာတွေ ရှာဖွေတာတွေလုပ်လာတာ။ ရေရှည်မှာတော့ ကြားရပ်လို့ မရဘူးလို့နော့်။ တစ်ခုခုတော့ ဆုံးဖြတ်ကြရမယ်လို့နော်။ အဲဒေသတွေဟာ လုံခြုံစိတ်ချရတဲ့ နယ်မြေ မဟုတ်တဲ့အတွက် ပြည်သူ့တော်လှန်ရေး အင်အားစုတွေအနေနဲ့ အဲလိုနေရာတွေမှာ မရပ်တည်သင့်ဘူးလို့ ကျွန်တော့် အနေနဲ့ ယူဆပါတယ်ခင်ဗျ”

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက စစ်တပ်နဲ့ KNU အကြား စစ်မြေပြင်ဖြစ်ခဲ့တဲ့ မြဝတီမြို့အနီးက လေးကေ့ကော်မြို့သစ်ဟာ သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းနဲ့ KNU ဥက္ကဋ္ဌ စောမူတူးစောဖိုး တို့အကြား သဘောတူညီချက်နဲ့ ၂၀၁၅ ခုနှစ်ကမှ စတင်တည်ထောင်ခဲ့တဲ့ နယ်စပ်မြို့ကလေး ဖြစ်ပါတယ်။
လေးကေ့ကော်မှာ ဒီနေ့စတင်တဲ့ တိုက်ပွဲတွေကြောင့် နယ်စပ်ဖြတ်ပြီး ဒုက္ခသည်တွေ ထွက်ပြေးလာမှာကို စိုးရိမ်တဲ့အတွက် ထိုင်းစစ်တပ်ကလည်း နယ်စပ်လုံခြုံရေးကို တိုးမြင့်တပ်လှန့်ထားတယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ရေးထားပါတယ်။
အမည်မဖော်လိုတဲ့ တိုင်းရင်းသားအရေး လေ့လာသူတစ်ဦးကတော့ စစ်တပ်ဘက်က KNU ကို ဖိအားပေးချင် တာကြောင့် လေးကေ့ကော်မြို့မှာ အထိုင်ချဖို့ကြိုးစားလာမယ့် အနေအထားရှိတယ်၊ ဒါ့ကြောင့် တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ သုံးသပ်ပြောဆိုထားပါတယ်။