စစ်ကောင်စီ တပ်သားလေးဦး KNLA ထံ လက်နက်ချ

RFA Burmese
2023.04.19
စစ်ကောင်စီ တပ်သားလေးဦး KNLA ထံ လက်နက်ချ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ထံ လက်နက်ချဝင်ရောက်လာသည့် စစ်ကောင်စီ ခြေမြန်တပ်ရင်း ၃၄၁ မှ တပ်သား လေးဦး။
KNU-Mutraw News

ဒီရက်ပိုင်းအတွင်း စစ်ကောင်စီ ခြေမြန်တပ်ရင်း ၃၄၁ က တပ်သား လေးဦး လက်နက်တွေနဲ့အတူ လက်နက်ချအလင်းဝင်လာတယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA မူတြော်ခရိုင် တပ်မဟာ ၅ က ဧပြီ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

လက်နက်ချဝင်ရောက်လာသူတွေဟာ ရှေ့တန်း တပ်စခန်းတစ်ခုဖြစ်တဲ့ လယ်တိုးစခန်းက တပ်သား မောင်တိုးတိုး တပ်သား ရဲထက်ကျော်၊ တပ်သား အောင်ပိုင်ဖြိုးနဲ့ တပ်သား ချိုလွင်ဦး တို့ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

အဲဒီတပ်သား လေးဦးက ဧပြီ ၁ဝရက်နေ့က သူတို့နဲ့အတူ MA – 1 လေးလက်၊ ကျည်ဆန်အပြည့်ပါတဲ့ ကျည်အိမ်/ကျည်ဘောက် ၁၆ ခု၊ လက်ပစ်ဗုံး နှစ်လုံးနဲ့ ခွင်းဗုံး ငါးလုံး ယူဆောင်လာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လစဉ်လတိုင်း KNLA ဆီကို စစ်ကောင်စီ တပ်သားတွေက လက်နက်ချဝင်လာနေတယ်လို့လည်း ဆိုပါတယ်။

အဲဒီတပ်သားတွေက ရှေ့တန်းစခန်းမှာ တာဝန်ထမ်းဆောင်ချိန် နိုင်ထက်စီးနင်း ဆက်ဆံခံရတာတွေ၊ အစားအသောက် ဝဝလင်လင် မစားရတာတွေကြောင့် ခံနိုင်ရည်မရှိတော့လို့ လက်နက်ချတာဖြစ်ပြီး စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ဖို့ ဆန္ဒရှိတယ်လို့ KNLA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း KNLA ထံ လက်နက်ချဝင်ရောက်လာသူ အရေအတွက် အတိအကျကိုတော့ အဲဒီကြေညာချက်မှာ ဖော်ပြထားခြင်း မရှိပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။