မြဝတီမြောက်ပိုင်း တိုက်ပွဲမှာ KNLA နဲ့ PDF ဘက်က သေဆုံးသူတွေရှိခဲ့

RFA Burmese
2023.04.10
မြဝတီမြောက်ပိုင်း တိုက်ပွဲမှာ KNLA နဲ့ PDF ဘက်က သေဆုံးသူတွေရှိခဲ့ Lion Battalion ကွန်မန်ဒို ဗျူဟာစစ်ကြောင်းမှ တပ်ဖွဲဝင် အချို့ကို ၂၀၂၃ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ တွေ့ရစဉ်။
Lion Battalion ကွန်မန်ဒို ဗျူဟာစစ်ကြောင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မြောက်ပိုင်းမှာ ဧပြီလ ၈ ရက်နေ့က နယ်ခြားစောင့်တပ် BGF နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ခဲ့ပြီး ပူးပေါင်းတပ်တွေဘက်က သေဆုံးသူတွေ ရှိနေတယ်လို့ KNLA နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဧပြီလ ၈ ရက်နေ့ မနက်ပိုင်းက မြဝတီမြို့နယ်မြောက်ပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ BGF တပ်က KNLA ပူးပေါင်းတပ်တွေကို ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးခဲ့တာလို့ KNLA နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

"ထိခိုက်ကျဆုံးတာတွေတော့ ရှိတယ်။ ဒါပေမဲ့ သူတို့ကို သက်ဆိုင်ရာ စစ်ကြောင်းတွေက သတင်းထုတ်ပြန်မှပဲ ပြောလို့ရမယ်ဗျ။ အခုလောလောဆယ်တော့ ပြောလို့မရသေးဘူး။ ထိခိုက်ကျဆုံးမှုတွေကတော့ ရှိပါတယ်"

ဒေသတွင်း သတင်းမီဒီယာတွေမှာတော့ KNLA၊ PDF ပူးပေါင်းတပ်ဖြစ်တဲ့ Lion Battalion ကွန်မန်ဒို ဗျူဟာစစ်ကြောင်းက ငါးဦးသေဆုံးတယ်လို့ ဖော်ပြထားကြပါတယ်။

Lion Battalion စစ်ကြောင်းကတော့ ရွှေကုက္ကိုတိုက်ပွဲကနေ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဧပြီ ၁၀ ရက် ဒီနေ့မနက်မှာ ထုတ်ပြန်ထားပြီး ထိခိုက်သေဆုံးမှု အခြေအနေကို ထုတ်ပြန်တာ မရှိသေးပါဘူး။

စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့ဝင်တွေ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်မှာတော့ KNLA နဲ့ PDF ဘက်က ရုပ်အလောင်း သုံးလောင်းနဲ့ ကားတချို့ကို တွေ့ရပါတယ်။

စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ရေးသားနေတာတွေအရ ဒီတိုက်ပွဲဟာ မြဝတီမြို့နယ်မြောက်ပိုင်း မဲပလဲဝခီးရွာအနီးမှာ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ BGF ဗိုလ်မှူးကြီးစောချစ်သူကို မေးမြန်းနိုင်ဖို့ RFA က ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရသေးသလို စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရသူ ဦးစောခင်မောင်မြင့်ကိုလည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

မြဝတီမြို့နယ် ရွှေကုက္ကိုမြို့အနီးမှာ ဧပြီလ ၅ ရက်နေ့ကစလို့ BGF နဲ့ KNLA၊ PDF တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပြီး BGF စခန်းငါးခုကို KNLA နဲ့ PDF ဘက်က သိမ်းယူခဲ့ပါတယ်။

ဒီတိုက်ပွဲတွေကြောင့် ရွှေကုက္ကိုမြို့အနီး ရွာတွေက ဒေသခံတစ်သောင်းကျော်ဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။