KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ တိုက်ပွဲ အရပ်သား နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ
2023.03.25
ကရင်ပြည်နယ် ကျုံဒိုးမြို့မှာ မတ်လ ၂၅ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲတွေကြောင့် အရပ်သား နှစ်ဦး သေဆုံးပြီး ကလေးတစ်ဦးအပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျုံဒိုးရဲစခန်းအနီး တိုက်ပွဲဖြစ်ချိန်မှာ စစ်ကောင်စီက ရဟတ်ယာဉ် နှစ်စီးနဲ့ပါ ပစ်ခိုက်တိုက်ခိုက်တာကြောင့် ဒေသခံတွေ သေဆုံးထိခိုက်ခဲ့ရတယ်လို့ ကျုံဒိုးမြို့ခံ စစ်ဘေးတိမ်းရှောင်နေရသူ တစ်ဦးက ပြောပါတယ်။
“ပစ်ခတ်သံတွေကြားပြီးတော့ နာရီဝက်လောက်မှာပေါ့ လေယာဉ်တွေနဲ့လာပြီးတော့ ဗုံးလာကြဲတာပေါ့နော် ဗုံးလာကြဲတဲ့အခါကျတော့ ဒီ ၅၄၆ ဘက်ကို ဗုံးကြဲတယ်ပေါ့ ၅၄၆ ဘက်မှာရှိတဲ့ ဒီတောရကျောင်းဘက်ကိုဗုံးကြဲတယ် ဗုံးကြဲခဲ့တဲ့အခါကျတော့ အဲ့ဒီဘက်မှာရှိတဲ့ အဲ့ဒီသူတို့ လေယာဉ်နဲ့ ဗုံးလာကြဲတော့ ကျုံဒိုးကပေါ့နော် ကျုံဒိုးတောင်ကရင်စုက နေအိမ်တစ်အိမ်ကို ထိသွားတယ်ပေါ့နော်၊ အဲ့ဒီတောင်ကရင်စုကပဲ အဒေါ်တစ်ယောက်ရယ် ကလေးလေးတစ်ယောက်ရယ်က ကျည်စတွေပေါ့နော် ၊ ပစ်ချတဲ့ ဒီလက်နက်ကြီးအစတွေထိမှန်သွားတယ်ပေါ့ နောက်တစ်ယောက်ကျတော့ ပစ်ခတ်မှုတွေအပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်နေတော့ ကျုံဒိုးရဲစခန်းအကွေ့လေးနားမှာပေါ့နော် အဲ့ဒီက အကိုတစ်ယောက်လည်း ဆုံးသွားတယ်ပေါ့နော်၊ ပြီးရင်နောက်ထပ် သွားဆရာဝန်သားပေါ့နော် သွားဆရာဝန်သားတစ်ယောက်လည်းဒီနေ့ (၂၅ရက်) မှာပဲဆုံးသွားတယ်။”
မတ်လ ၂၅ရက်နေ့က ကျုံဒိုးမြို့အပြင် မြဝတီကုန်သွယ်ရေးဇုန်၊ သင်္ဃန်းညီနောင် ရဲစခန်း၊ အာရှလမ်းမကြီး၊ ကော့ကရိတ်လမ်းတို့မှာ စစ်ကောင်စီတပ်တွေနဲ့ KNU လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်တွေကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဒီတိုက်ပွဲအတွင်း နှစ်ဘက်ထိခိုက်ကျဆုံးတဲ့အခြေအနေအသေးစိတ်ကို မသိရသေးပါဘူး။
KNLA ပူးပေါင်းစစ်ကြောင်းတစ်ခုဖြစ်တဲ့ ကျားဖြူ စစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ဗိုလ်ကျော်သက် က မြဝတီမြို့ကနေ ကျုံဒိုးမြို့ ဘက်အထိ စစ်ရေး ၊ လုံခြုံရေး အခြေအနေ ရှုပ်ထွေးနေတာကြောင့် ဖြတ်သန်းသွားလာတာတွေ မလုပ်ကြဖို့ သတိပေးထားပါတယ်။