KNLA နဲ့ PDF ပူးပေါင်းပြီး စစ်တပ်ကိုတိုက်ခိုက် လေးဦး သေ၊ ခြောက်ဦး ဒဏ်ရာရ

2021.12.08
KNLA နဲ့ PDF ပူးပေါင်းပြီး စစ်တပ်ကိုတိုက်ခိုက် လေးဦး သေ၊ ခြောက်ဦး ဒဏ်ရာရ KNU လက်အောက်ခံ KNLA တပ်မဟာ-၅ တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
Photo: KNU KNLA ARMY 5

စစ်ကောင်စီ ရဲ့ ခမရ ၄၀၇ စစ်ကြောင်းကို ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ (KNLA) နဲ့ အရပ်သား ခုခံကာကွယ်ရေး တပ်မတော် (PDF) တွေ ပူးပေါင်းပြီး ဒီဇင်ဘာ ၆ ရက်က KNU ထိန်းချုပ်နယ်မြေ ထဲမှာ တိုက်ခိုက်ခဲ့လို့ စစ်တပ်ဘက်က လေးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ဒီဇင်ဘာ ၈ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။

ခမရ - ၄၀၇ စစ်ကြောင်းဟာ ဒီဇင်ဘာ ၆ ရက်က မထောရွာကိုအလာ မြေနီကုန်း နဲ့ ထီးဂေလိုကြားမှာ မိုင်းဆွဲ တိုက်ခိုက်ခံရလို့ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရခဲ့သလို အဲဒီစစ်ကြောင်းကိုပဲ KNLA နဲ့ PDF တို့က ပြောက်ကျား နည်းနဲ့ ထပ်မံ ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်က လေးဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့သလို KNLA ဘက်က လည်း သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီနေ့မှာပဲ KNLA နဲ့ စစ်တပ်အကြား ဖလပ်ခို-ကူဒေးဒေသမှာ တစ်ကြိမ်၊ ဝါကလေတူဒေသမှာ တစ်ကြိမ် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ကျဆုံးတဲ့ အလောင်းတစ်လောင်းကို ရရှိခဲ့ပေမယ့် ထိခိုက် သေဆုံးမှု အသေးစိတ်ကို မသိရဘူးလို့ KNU ကဆိုပါတယ်။

ဒီဇင်ဘာ ၇ ရက်ညပိုင်းမှာလည်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်က စစ်ကောင်စီရဲ့ ခမရ (၇၅) ခူသေစိုးစခန်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ မူသယ်ရွာထဲ ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၂၄ နှစ်အရွယ် စောနေကျယ်မူး၊ အသက် ၁၃ နှစ်အရွယ် စောလွဲနေမူး၊ အသက် ၁၃ နှစ်အရွယ် စောပွေးပွေးတုပ် တို့ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒီကနေ့ KNU က ထုတ်ပြန်ပါတယ်။

ဒီထုတ်ပြန်ချက်တွေနဲ့ ပတ်သက်လို့ မြန်မာစစ်တပ်ရဲ့ တုံ့ပြန်ချက်ကို ရရှိဖို့ RFA က ကြိုးစားနေဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။