KNU တပ်မဟာ ၂ နယ်မြေထဲက တပ်စခန်းတွေ ၁ဝ ရက်အတွင်းထွက်ဖို့ KNLA သတိပေး

2022.05.15
KNU တပ်မဟာ ၂ နယ်မြေထဲက တပ်စခန်းတွေ ၁ဝ ရက်အတွင်းထွက်ဖို့ KNLA သတိပေး ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်နေ့က ကျင်းပတဲ့ (၆၃) နှစ်မြောက် ကရင်တော်လှန်ရေးနေ့အခမ်းအနားမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
Photo: REUTERS

ပဲခူးတိုင်း တောင်ငူခရိုင် KNU တပ်မဟာ ၂ နယ်မြေထဲက တပ်စခန်းတွေကို မေ ၈ ရက်က စလို့ ၁၀ ရက်အတွင်း ထွက်ခွာကြဖို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က မေ ၈ ရက်မှာ သတိပေးထုတ်ပြန်ထားပါတယ်။

ဒီသတိပေး ထုတ်ပြန်ချက်ဟာ KNLA က စစ်ရေးဆိုင်ရာ ထုတ်ပြန်ထားတာ ဖြစ်တယ်လို့ တောင်ငူခရိုင် ဥက္ကဋ္ဌ ပဒိုအယ်လ်ဝါး က ပြောပါတယ်။

KNU တပ်မဟာ ၂ နယ်မြေထဲက စစ်ကောင်စီတပ်စခန်းတွေဟာ ဆယ်စုနှစ်ကြာ ပြည်သူပိုင်မြေ၊ လယ်မြေတွေမှာ နေရာယူထားပြီး လယ်ယာ၊ တောင်ယာ၊ မွေးမြူရေးနဲ့ ကုန်စည်စီးဆင်းမှုအတွက် အဟန့်အတား ဖြစ်နေတယ်လို့ KNLA တပ်ရင်း ၆ က ဖော်ပြထားပါတယ်။

အထူးသဖြင့် ဒီနယ်မြေထဲက ဘုမ္မတီး၊ တောင်ကြီးနဲ့ ရှာစေးဘို စခန်းတွေကြောင့် မိုင်းကွင်းတွေ ရှိနေသလို လူထုက ဖမ်းဆီးပစ်ခတ်မှုတွေကို ကြောက်ရွံ့ထိတ်လန့် နေရတယ်လို့ ရေးသားထားပါတယ်။

ဒီအခြေအနေတွေကြောင့် မေ ၈ ရက်ကနေ ၁၈ ရက်နေ့အတွင်း တပ်စခန်းတွေ ဖယ်ရှား ပေးဖို့နဲ့ နောက်ဆက်တွဲကိစ္စတွေကို တာဝန်ယူမှာ မဟုတ်ဘူးလို့ KNLA တပ်ရင်း ၆ က ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး KNLA တပ်ရင်း ၆ ကို RFA အနေနဲ့ ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။

တောင်ငူခရိုင်အပါအဝင် ဘားအံ၊ ဖာပွန်နဲ့ ကော့ကရိတ် ဒေသတွေက စစ်ကောင်စီ ဝန်ထမ်းနဲ့ တပ်စခန်းတွေကို ဆုတ်ခွာဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး ကရင်အမျိုးသား အစည်းအရုံး KNU လက်အောက်ခံ KNLA တပ်တွေက အသီးသီး သတိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။