KNPP အဖွဲ့နဲ့ အစိုးရ အပစ်အခတ်ရပ်ရေး လက်မှတ်ထိုး

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့နဲ့ အစိုးရတို့ဟာ ဒီကနေ့ အချက်သုံးချက်ကို သဘောတူညီပြီး ပြည်နယ်အဆင့် ပဏာမအပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးလိုက်ကြပါတယ်။

2012.03.07
knpp-peace-talk-b305 ၂၀၁၂ ခုနှစ် မတ်လ ၇ ရက်က လွိုင်ကော်မြို့တွင် ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ဆွေးနွေးပွဲ၌ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီမှ ဆွေးနွေးနေစဉ်။
RFA

အစိုးရဘက်က ရထားဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP တို့ ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ်ဧည့်ရိပ်သာ ကန္တာရဝတီခန်းမမှာ ဒီကနေ့ မနက်ကိုးနာရီခွဲကနေ မွန်းလွဲ နှစ်နာရီခွဲအထိ ဆွေးနွေးခဲ့ကြပါတယ်။

အပစ်ရပ်စဲရေး၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရေး၊ နောင်ဆွေးနွေးပွဲတွေအတွက် အဖွဲ့ဖွဲ့စည်းရန် ရက်သတ်မှတ်ရေး အချက်သုံးချက် သဘောတူညီခဲ့တယ်လို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

နောင်ဆက်လက် ဆွေးနွေးမယ့်ပွဲတွေမှာ နိုင်ငံရေးအရ ဆွေးနွေးမယ်ဆိုရင် တဖွဲ့ချင်း မဆွေးနွေးဘဲ တိုင်းရင်းသားအားလုံးပါဝင်တဲ့ UNFC ညီညွတ်သော တိုင်းရင်းသား ဖယ်ဒရယ်ကောင်စီပုံစံမျိုးနဲ့ ဆွေးနွေးမှာဖြစ်တယ်လို့ KNPP အဖွဲ့ အတွင်းရေးမှူးက ဆွေးနွေးပွဲမှာ သဘောထားတင်ပြခဲ့တယ်လို့ ဆိုပါတယ်။ ဒီတင်ပြချက်နဲ့ပတ်သက်ပြီး အစိုးရဘက်က တုံ့ပြန်ချက်နဲ့ ပတ်သက်လို့ KNPP အတွင်းရေးမှူး ခူးဦးရယ်က အခုလို ပြောပြပါတယ်။

“သူတို့ပြန်လည်ဆွေးနွေးတဲ့ အနေအထားကို ကြည့်ရမယ်ဆိုရင်တော့ ကျွန်တော်ထင်တယ်၊ သူတို့ လက်ခံတွေ့ဆုံ ဆွေးနွေးမယ်ဆိုတဲ့သဘောမျိုးပဲ နားလည်လို့ရတယ်။ ဒါပေမယ့် အခြေခံအားဖြင့် UNFC နဲ့ သွားမယ်ဆိုတဲ့ နာမည် နာမတပ်ပြီး ပြောတဲ့ဟာမျိုးတော့ မဟုတ်ဘူးပေါ့”

ဆွေးနွေးပွဲမှာ KNPP ဘက်က တင်ပြတဲ့ အချက်ပေါင်း ၂၀ ကို ဆွေးနွေးခဲ့ကြပြီး အချက်တွေထဲမှာ နယ်မြေပိုင်းခြားရေး ကိစ္စများအပါအဝင် ကရင်နီ ဒုက္ခသည်အရေးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဒီသတင်း အသေးစိတ်ကို သတင်းထောက် ဦးအောင်မိုးမြင့်က တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်။

ဦးသိန်းစိန်အစိုးရနဲ့ KNPP ကရင်နီအမျိုးသား တိုးတက်ရေးပါတီတို့ အပစ်ရပ် သဘောတူညီချက် လက်မှတ်ရေးထိုးလိုက်တာနဲ့ ပတ်သက်လို့ အစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဝင် စွမ်းအင်ဝန်ကြီး ဦးသန်းဌေးကို အာအက်ဖ်အေအဖွဲ့သား ကိုကျော်ကျော်အောင်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။