KNU ထိန်းချုပ်နယ်မြေမှာ ၂၀၂၃ ခုနှစ်အတွင်း အရပ်သားနှစ်ရာနီးပါး သတ်ခံရ
2024.01.18

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေမှာ ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီက အရပ်သား နှစ်ရာနီးပါးကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ KNU က ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်အတွင်း KNU ထိန်းချုပ်ဧရိယာထဲမှာ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှု အကြိမ် ၈၀၀ နီးပါး၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ အကြိမ် နှစ်ထောင်ကျော်၊ အရပ်သားတွေကို အကြောင်းမဲ့ ပစ်ခတ်တာ အကြိမ် ၅၀ ကျော်နဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်တာတွေကို အကြိမ်ရေ သုံးထောင်ကျော် ကျူးလွန်ခဲ့တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီက အရပ်သား ၁၉၅ ဦးကို အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ၆၆၁ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို ဘာသာရေးအဆောက်အအုံတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံ ဆေးပေးခန်းတွေ ထိခိုက်ပျက်စီးခဲ့သလို အိမ် ၁၈,၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ရေးသားထားပါတယ်။
စစ်ကောင်စီဟာ အာဏာစသိမ်းချိန် ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုမိုလုပ်ဆောင်လာပြီး အချက်အလက်ကောက်လို့မရတာတွေလည်း ရှိနေတာကြောင့် လက်တွေ့မှာ အခုထက်ပိုများနိုင်တယ်လို့လည်း ဆိုပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) အဖွဲ့တွေ ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း တိုက်ပွဲပေါင်း လေးထောင့်ခြောက်ရာကျော် (၄,၆၂၃) ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU က ဇန်နဝါရီ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အရာရှိအရာခံတွေအပါအဝင် တပ်သား ငါးထောင်ကျော် (၅,၀၀၅) ဦး သေဆုံးပြီး သုံးထောင့်သုံးရာကျော် (၃,၃၄၅) ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU က ပြောပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေထဲက တစ်ရာ့ငါးဆယ်ကျော် (၁၅၄) ဦး သေဆုံးပြီး ခြောက်ရာနီးပါး (၅၉၇) ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဖက်ထိခိုက်သေဆုံးမှု စာရင်းကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ လူ့အခွင့်အရေးချိုးဖောက်ကြောင်းပြောဆိုချက်နဲ့ စစ်ကောင်စီတပ်သားတွေ သေဆုံးမှုများကြောင်း KNU ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီရဲ့ လူအခွင့်အရေး ချိုးဖောက်မှုတွေကို တရားမျှတမှုရရှိအောင် ကြိုးစားနေတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ တောင်ပိုင်းတိုင်း အမှတ် (၂) စစ်ဒေသ၊ ဒုတိယစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက ပြောပါတယ်။
"အခုလို စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို တစ်ချိန်မှာ တရားမျှတမှု ပြန်လည်ရရှိဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ လောလောဆယ်မှာ ကျွန်တော်တို့ မှတ်တမ်းမှတ်ရာတွေနဲ့ စနစ်တကျလုပ်ထားတယ်။ ဒါတွေကို တစ်ချိန်မှာ တရားမျှတမှု ပြန်လည်ရယူပေးဖို့ကတော့ ကျွန်တော်တို့ တာဝန်လို့ပဲ သတ်မှတ်ထားပါတယ်ဗျ"
မှတ်တမ်းအချက်အလက်တွေကို ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနကိုလည်း ပေးပို့ထားတယ်လို့ သူက ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကတော့ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးနဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်တွန်းလှန်ရေးမှာ လက်နက်ကိုင်လမ်းစဉ်နဲ့ စစ်ရေးနည်းလမ်းတစ်ခုတည်းသာ ကျန်တော့ကြောင်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့က ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့ နှုတ်ခွန်းဆက်စကားပြောကြားရာမှာ ထည့်သွင်းပြောဆိုထားပါတယ်။
စစ်အာဏာရှင်ကျဆုံးရေးတင်မကဘဲ အာဏာရှင်စနစ်အားလုံးနဲ့ လူမျိုးကြီးဝါဒအားလုံး အမြစ်ပြတ်ကျဆုံးရေး ဦးတည်ရည်ရွယ်ထားတာကြောင့် အကောင်အထည်ဖော်ဆောင်ရွက်ဖို့လည်း အခြားလမ်းစဉ်ကို ရွေးချယ်ထားတာ မရှိဘူးလို့ KNU က ပြောထားပါတယ်။
စစ်ကောင်စီတပ်က ပြည်သူတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ တိုးမြှင့်လုပ်ဆောင်လာတာကြောင့် KNU ထိန်းချုပ်နယ်မြေအတွင်း ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ နေရပ်စွန့်ခွာထွက်ပြေးနေရသူ ခုနစ်သိန်းခွဲကျော် (၇၅၁,၆၆၉) ဦး ရှိလာပြီလို့ KNU က ဇန်နဝါရီ ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
KNU ထိန်းချုပ်နယ်မြေတွေထဲက ခလယ်လွီထူးခရိုင်မှာ ဒုက္ခသည် အများဆုံးရှိနေပြီး နှစ်သိန်းခွဲနီးပါး (၂၄၈,၁၆၀) ဦး ရှိပါတယ်။ ဒုတိယအများဆုံးက ဒူးပလာယာခရိုင်ဖြစ်ပြီး ဒုက္ခသည် တစ်သိန်းခွဲနီးပါး (၁၄၉,၉၆၉) ဦး ရှိပါတယ်။