KNU နယ်မြေ လေကြောင်းတိုက်ခိုက်မှု အကြိမ်သုံးရာကျော်အတွင်း အရပ်သား ၃၆ ဦးသေဆုံး
2023.02.22

စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်တဲ့ တပ်မဟာ ခုနစ်ခုမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှု ၃၀၇ ကြိမ်လုပ်ခဲ့ပြီး အဲဒီ တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၃၆ ဦး သေဆုံးပြီး၊ ၅၇ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဒီတိုက်ခိုက်မှုတွေဟာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်တဲ့ အရေအတွက်တွေကို ထည့်သွင်းတွက်ချက် မထားဘူးလို့ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေရဲ့ နေအိမ် ၂၅၈လုံး၊ စာသင်ကျောင်း ၁၂ ကျောင်း၊ ဆေးရုံ ခြောက်ခု၊ ပြည်သူပိုင် အဆောက်အအုံ ၃၅လုံးနဲ့ ဘာသာရေးအဆောက်အအုံ ၁၃လုံး ပျက်စီးခဲ့တယ်လို့ KNU က ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို KNU နယ်မြေအတွင်းမှာ လက်ခံထောက်ပံ့ထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်က နေ့စဉ်နဲ့အမျှ လေကြောင်း၊ ကုန်းကြောင်းကနေ ထိုးစစ်တွေ ဆင်နေတာလို့ KNU ရဲ့ ပြောခွင့်ရ ပဒိုစောတောနီးက RFA ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလတုန်းက ဖြေဆိုထားပါတယ်။
စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရသူ ဦးစောခင်မောင်မြင့်ကတော့ ပြည်သူတွေကို ပစ်မှတ်ထားတာမရှိဘူးလို့ RFA ကို ဖေဖော်ဝါရီလ ၁၅ ရက်က ပြောထားပါတယ်။
အာဏာသိမ်းပြီး နှစ်နှစ်အတွင်း KNU ထိန်းချုပ်နယ်မြေတွေမှာ တိုက်ပွဲပေါင်း ရှစ်ထောင်ကျော်ဖြစ်ပွားခဲ့ပြီး စစ်ဘေးဒုက္ခသည် လေးသိန်းနီးပါးရှိလာပြီလို့လည်း KNU ရဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ စာရင်း တွေမှာ ဖော်ပြထားပါတယ်။