ဘားအံမှာ အလှည့်ကျစနစ်နဲ့ အုပ်ချုပ်ဖို့ BGF က အမိန့်ပေး

2021.10.07
ဘားအံမှာ အလှည့်ကျစနစ်နဲ့ အုပ်ချုပ်ဖို့ BGF က အမိန့်ပေး နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်တွေ ၂၀၂၁ သြဂုတ်လ ၂၁ ရက်နေ့က သောင်ရင်းမြစ်ကမ်းက မယ်သဝေါရွာကို ရောက်လာစဥ်
Photo: CJ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ထဲက ရွာလေးခုမှာ ၁ လသူကြီး၊ ၁၅ ရက်သူကြီး စတဲ့ အလှည့်ကျစနစ်နဲ့ အုပ်ချုပ်ဖို့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) က ရပ်မိရပ်ဖတွေကို ခေါ်ယူအမိန့် ပေးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်ပါတယ်။

BGF ၁၀၁၄ တပ်ရင်း တပ်ခွဲ (၂) ရဲ့ တပ်နယ်မှူး ဗိုလ်မှူး စောတင်ဝင်းက ဂျို့ပင်ဆိပ်ရွာ၊ မြိုင်ရွာ၊ ကုန်းတန်းကြီးရွာနဲ့ မီးပုံရွာက ရပ်မိရပ်ဖတွေကို အောက်တိုဘာလ ၃ ရက်နေ့မှာ ခေါ်ယူတွေ့ဆုံပြီး ၅ ရက်နေ့နောက်ဆုံး ရွေးချယ်ပေးဖို့ ညွန်ကြားခဲ့တာလို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဂျို့ပင်ဆိပ်ရွာမှာ ၁ လသူကြီး နှစ်ဦး၊ မြိုင်ရွာမှာ ၁ လသူကြီးနှစ်ဦး၊ မီးပုံးရွာမှာ ၁ လသူကြီး လေးဦးနဲ့ ကုန်းတန်းကြီးရွာမှာ ၁၅ ရက်သူကြီး သုံးဦးကို ရွေးချယ်တာဝန်ပေးဖို့ ညွန်ကြားခဲ့တာလို့ ဆိုပါတယ်။

အဲဒီသူကြီးတွေအနေနဲ့ မိမိတို့ရွာကို KNU/ KNLA တပ်ဖွဲ့တွေ ဝင်ရောက်သွားလာတာရှိရင် BGF ထံ သတင်းပို့ရမယ်လို့ ညွှန်ကြားထားကြောင်း KNU ရဲ့ ဘားအံမြို့ သတင်းပြန်ကြားရေးဌာနခွဲမှူးက သတင်းပေးလာတယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး BGF ဘက်ကတုံ့ပြန်မှုရဖို့ ၁၀၁၄ တပ်ရင်း တပ်ခွဲ (၂) တပ်နယ်မှူး ဗိုလ်မှူး စောတင်ဝင်း ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဒီနေ့ညနေပိုင်းအထိ ခေါ်ဆိုလို့ မရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။