သံချပ်ကာနဲ့ တင့်ကားတွေ ဖျက်ဆီးခဲ့တယ်လို့ KNU ပြော
2024.01.17

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့အနီးမှာ စစ်ကောင်စီတပ်ရဲ့ တင့်ကား နှစ်စီးနဲ့ သံချပ်ကာတစ်စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဇန်နဝါရီလ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။
ပဲနွယ်ကုန်းမြို့ကနေ နတ်သံကွင်းမြို့ကို စစ်ကူလာတဲ့ တင့်ကား၊ သံချပ်ကာကားတွေကို ဇန်နဝါရီလ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ တင့်ဖျက်မိုင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ KNU က ဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲရဲ့ ဒုစစ်ဒေသခွဲမှူး ရဲဘော် တင်ဦးကလည်း RFA ကို အတည်ပြုပြောပါတယ်။
"သံချပ်ကာရော၊ စစ်ကူရော ချီလာတဲ့ဟာကို ကျွန်တော်တို့က ကြားဖြတ်ပြီးတော့ တိုက်ခိုက်တဲ့သဘောပါဗျ။ အင်အားကတော့ တစ်ရာဝန်းကျင်ပါတယ်။ သူတို့ကတော့ ရှေ့ဆက်မတိုးနိုင်ပါဘူးဗျ။ ပဲနွယ်ကုန်းမြို့ရဲ့ အထွက်လောက်မှာပဲ ရှိနေတာပါ"
ပျက်စီးသွားတဲ့ တင့်ကားတစ်စီးနဲ့ သံချပ်ကာတစ်စီးကို စစ်ကောင်စီတပ်က ပဲနွယ်ကုန်းမြို့ထဲ ကရိန်းကားနဲ့ ဆွဲသွားပြီး နောက်ထပ် သံချပ်ကာတစ်စီးကို နတ်သံကွင်းမြို့အနီး ညောင်ဝိုင်းရွာဝန်းကျင်မှာ တွေ့ရတယ်လို့ KNU က ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ထဲက နတ်သံကွင်းမြို့ကို ထိန်းချုပ်ထားနိုင်ပြီလို့ ၂၀၂၃ ဒီဇင်ဘာ ၂၈ ရက်မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။