KNU အရေးပေါ်အစည်းအဝေး စတင်ကျင်းပ


2018.11.06
knu-emergency-meeting-622.jpg KNU ရဲ့ ၆ ကြိမ်မြောက် ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ်အစည်းအဝေးကို ဘားအံခရိုင်၊ လေးဝါးမှာ ၂၀၁၈ နိုဝင်ဘာလ ၆ ရက်နေ့ကပြုလုပ်စဉ်
Photo: Karen National Union Headquarters

ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ NCA အပစ်ရပ်စာချုပ် အကောင်အထည်ဖော်တဲ့အခါ တစ်ဆို့နေတဲ့ အကြောင်းအရာတွေကို အဖြေရှာဖို့အတွက် KNU ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ်အစည်းအဝေးကို ဘားအံခရိုင်၊ လေးဝါး၊ လော်ခီးလာမှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။

၂၀၂၀ ပြည့်နှစ်မတိုင်မီ ၂၁ ရာစုပင်လုံညီလာခံကို ၃ ကြိမ်ကျင်းပပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ် အခြေခံမူတွေကို ချမှတ်မယ်လို့ အစိုးရနဲ့ သဘောတူထားခဲ့ပေမယ့် နက်ရှိုင်းတဲ့ ကွာဟချက်တွေကို အဖြေရှာဖို့လိုနေသလို တဖက်မှာလည်း NCA ပါ အချက်တွေကို အကောင်အထည်မဖော်နိုင်သေးတာ ရှိနေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီအစည်းအဝေးကို နိုဝင်ဘာလ ၁၀ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပသွားမယ်လို့ သိရပါတယ်။

KNU အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်မှုမှာ အဖွဲ့တစ်ခုလုံး တညီတညွတ်တည်းပါဝင်ဖို့ လုံလောက်တဲ့ အချိန်ကာလတစ်ခုရယူဖို့ လိုတဲ့အတွက် ပြင်ပအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်မယ့် ဆွေးနွေးပွဲတွေမှာ ပါဝင်မှု ယာယီရပ်ဆိုင်းဖို့ ဆုံးဖြတ်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်ထံ အောက်တိုဘာလ ၂၇ ရက်နေ့က ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။

အရေးပေါ်အစည်းအဝေးကို KNLA ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ခေါင်းဆောင်တွေ ၊ တပ်မဟာ ၇ ခုက တပ်မမှူးတွေလည်း တက်ရောက်နေတဲ့အတွက် KNU ဗဟိုနဲ့ KNLA လက်နက်ကိုင်အဖွဲ့အကြား ကွာဟနေတဲ့ သဘောထားတွေကို ညှိနှိုင်းလိုတဲ့ သဘောမျိုးရှိနိုင်တယ်လို့ KNU ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

ဒီဆွေးနွေးပွဲကနေ KNU အဖွဲ့အတွင်း NCA လမ်းကြောင်းအပေါ်မှာ အမြင် ကွဲကွဲပြားပြားပေါ်လွင်လာနိုင်သလို၊ လက်ရှိ NCA အတိုင်း လက်ခံပြီး အသာမှိန်းလိုက်သွားမလာဆိုတဲ့ သဘောမျိုး အဖြေတခုထွက်လာနိုင်တယ်လို့ KNU ခေါင်းဆောင်တစ်ဦးက သူ့အမြင်ကို ပြောပါတယ်။

တဆက်တည်းမှာပဲ ၂၁ ရာစုပင်လုံ ညီလာခံမှာ ပြည်ထောင်စုဆိုင်ရာ အခြေခံမူတွေရဖို့မသွားဘဲ ခွဲမထွက်ရေးနဲ့ ဆိုင်တဲ့ကိစ္စတွေ ဆွေးနွေးဖို့ လုပ်လာတာဟာ ငြိမ်းချမ်းရေးုဖြစ်စဉ်မှာ တစ်ဆို့မှုတွေ ဖြစ်လာတယ်လို့ KNU ခေါင်းဆောင်တချို့က သုံးသပ်ခဲ့ပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၂၇ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံကို KNU အဖွဲ့က ပေးပို့တဲ့ စာပေါက်ကြားမှုနဲ့ ပတ်သက်လို့လည်း ဘယ်ကနေ ပေါက်ကြားသလဲ ဆိုတာကို ဒီအစည်းအဝေးမှာ အဖြေရှာဖို့ ရှိနိုင်တယ်လို့ KNU ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

အဲဒီပေးစာထဲမှာ နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်တွေရဲ့ သီးသန့်အစည်းအဝေး သဘောတူညီချက်တွေကို အဖွဲ့အစည်းအတွင်း ပြန်လည်ချပြ ဆွေးနွေးတာ၊ ဆုံးဖြတ်ချက်ချတာတွေကို ပြုလုပ်ရမှာဖြစ်ကြောင်း၊  ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှု အသစ်ဖြစ်တဲ့ ယန္တရား၊ မူဘောင်နဲ့ ဆုံးဖြတ်ချက်ချမယ့်ပုံစံကို အားလုံးနားလည်ဖို့နဲ့ သဘောတူညီချက် ရယူရမှာဖြစ်တယ်လို့လည်း စာမှာပါရှိပါတယ်။

ဒီနေ့ KNU ထုတ်ပြန်ချက်မှာတော့  လာမယ့် ၂ နှစ်အတွင်း ၂၁ ရာစုပင်လုံညီလာခံကို ၃ ကြိမ်ကျင်းပပြီး ဒီမိုကရေနဲ့ ဖက်ဒရယ် အခြေခံမူတွေကို ချမှတ်မယ်လို့ သဘောတူထားကြပေမဲ့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား နက်ရှိုင်းတဲ့ ကွာဟချက်တွေကို အဖြေရှာဖို့လိုနေသလို ၊ NCA ပါ အချက်တွေကို အကောင်အထည်မဖော်နိုင်သေးတာ ရှိနေကြောင်းနဲ့ ယုံကြည်မှုတည်ဆောက်ရေးကို အခြေခံပြီး ဘယ်လို အဖြေရှာနိုင်ရေး ကိစ္စတွေကိုလည်း ဆွေးနွေးသွားမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

NCA စာချုပ်မှာပါဝင်တဲ့ တချို့အချက်တွေဖြစ်တဲ့ တပ်ပိုင်းဆိုင်ရာကိစ္စ၊ နိုင်ငံရေးမူဘောင်ကိစ္စတွေမှာ အကျေအလည် သဘောတူညီချက်တွေမရသေးဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ NCA လက်မှတ်ထိုးခဲ့တာဟာ တစ်ဆို့နေတဲ့အကြောင်းအရင်းတခုဖြစ်ကြောင်း၊ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရှင်းလင်းတဲ့ အခြေခံမူဝါဒတစ်ရပ်ကို ချပြဖို့လိုနေပြီဖြစ်ကြောင်း KNU အဖွဲ့အတွင်း ဝေဖန်မှုတွေလည်းရှိနေပါတယ် ခင်ဗျာ။

ဒီသတင်းကို RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့ထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။