KNU နယ်မြေထဲတိုက်ပွဲတွေမှာ စစ်ကောင်စီအသေအပျောက်များ
2023.05.11

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေထဲမှာ ဒီ ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလကုန်အထိ လေးလအတွင်း တိုက်ပွဲပေါင်း ၁၆ဝဝ ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အသေအဆုံးများတယ်လို့ KNU ကထုတ်ပြန်ပါတယ်။
စစ်ကောင်စီဘက်က တပ်ရင်းမှူးလေးဦးနဲ့ ဒုတပ်ရင်းမှူး ငါးဦးအပါအဝင် အယောက် ၁၇ဝဝ ကျော် သေဆုံးခဲ့တယ်လို့ KNU ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ပါပါတယ်။ KNU ဘက်ကလည်း ၅၉ ဦးသေဆုံးပြီး အယောက် ၂ဝဝ နီးပါး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
KNU ထိန်းချုပ်နယ်မြေထဲက တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိပါဘူး။ သေဆုံးအရေအတွက် ဘယ်လောက်ရှိလဲဆိုတာ စစ်ကောင်စီဘက်ကို RFA က မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။
အဲဒီဒေသမှာ စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်(BGF) တွေကတစ်ဖက် KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDOနဲ့ PDF ပူးပေါင်းတပ်တွေကတစ်ဖက် တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ BGF တပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အာဏာသိမ်းပြီးနောက် စစ်ဘေးဒုက္ခသည် လူပေါင်းလေးသိန်းကျော် ထွက်ပြေးနေရတယ်လို့ KNU ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်ဘေးဒုက္ခသည်တွေအတွက် လစဉ်စားနပ်ရိက္ခာထောက်ပံ့ဖို့ မလုံလောက်တာ၊ နေရာထိုင်ခင်းအတွက် အမိုးအကာမလုံလောက်တာ၊ ဆေးဝါးမလုံလောက်တာတွေရှိနေပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။