ကြာအင်းဆိပ်ကြီးတိုက်ပွဲမှာ အရပ်သားလေးဦးသေဆုံးပြီး လေးဦးဒဏ်ရာရ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့မှာ ဇွန်လ ၂ ရက် မနက် ၄ နာရီက KNLA-PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ခဲ့ပါတယ်။
တိုက်ပွဲအတွင်းမှာ KNLA ပူးပေါင်းအဖွဲ့ဘက်က တပ်ဖွဲ့ဝင်ခြောက်ဦး ဒဏ်ရာရသွားပါတယ်။
ဒါ့အပြင် စစ်ကောင်စီလေတပ်က ရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ပြီး ကြည်းတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ မြို့ထဲကိုပစ်တဲ့အတွက် သံဃာတစ်ပါး၊ ကလေးငယ်တစ်ယောက်၊ အရပ်သားနှစ်ယောက် စုစုပေါင်း လေးဦးသေဆုံးပြီး၊ လက်နက်ကြီးစမှန်လို့ ဒဏ်ရာရသူလေးဦး ရှိတယ်လို့ KNLA တပ်ရင်း ၂၇ ရုံး တာဝန်ရှိသူတွေဘက်က အတည်ပြုပြောဆိုပါတယ်။
မနက် ၈ နာရီကျော်မှာ စစ်ကောင်စီလေတပ်က Mi 35 ဂျက်တိုက်လေယာဉ်နဲ့ သုံးကြိမ် လာပြီးပစ်သလို၊ ကြည်းတပ်က လက်နက်ကြီးနဲ့ပစ်လို့ မင်္ဂလာကုန်း၊ ကြာအင်း၊ ချောင်းဝရပ်ကွက်က ဘုန်းကြီးကျောင်းနဲ့ အရပ်သားတွေထိပြီး သေဆုံးဒဏ်ရာရကြတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါ တယ်။
“၈ နာရီ ၅ မိနစ်လောက်။ ညက ခလရ ၂၈၄ မှာတိုက်ပွဲဖြစ်တယ်၊ သူတို့တိုက်ပွဲမဖြစ်ခင် ညဦးကတည်းက ဒီကနေ လက်နက်ကြီးနဲ့ ရွာတွေကို လှမ်းပစ်တယ်၊ လေး နာရီလောက်မှာ ခလရ ၂၈၄ မှာ ဒရုန်းနှစ်လုံး ကျတယ်၊ အဲဒီမှာ တိုက်ပွဲငယ်တွေဖြစ်တယ်။ ပြီးမှ လေးနာရီကျော်နောက်ပိုင်းမှ ရဲစခန်း၊ ထွေအုပ်ရုံး ဒရုန်း မိုးလင်းပိုင်းပစ်ချတယ်၊ တိုက်ပွဲဖြစ်တဲ့အချိန် သုံးနာရီ ကျော်လောက်ကြာတယ်၊ ချောင်းဝမှာက လေယာဉ်ဗုံးနဲ့ ဗုံးဆန်ထိတာက တစ်ယောက်။ လောလောဆယ် အသေတော့ မဟုတ်သေးဘူး၊ ထိထားတယ်လို့တော့ပြောတယ် ဆီးခုံမှာ။ မြို့ထဲမှာ သူတို့ပစ်တာက လေးယောက်သေတယ် ၊ လေးယောက်ဒဏ်ရာရတယ် ပစ်တာက ဗုံးကြီးတွေမဟုတ်ဘူး 35 အတွဲလိုက်နဲ့ ဒီကနေမြားတွေလို ပစ်တဲ့ပုံဘေးကတွဲတဲ့ကောင်တွေပဲလေ”
KNU တပ်မဟာ ၆ လက်အောက်ခံ KNLA တပ်ရင်း ၂၇ တပ်ဖွဲ့နဲ့ နဂါးနီ PDF ပူးပေါင်းစစ်ကြောင်းတွေက ကြာအင်းဆိပ်ကြီးအခြေစိုက် စစ်ကောင်စီတပ်ရဲ့လေးနေရာကို ဝင်တိုက်ပြီး စစ်ကောင်စီဘက်က လေတပ်ရောကြည်းတပ်နဲ့ပါ ပြန်လည်တိုက်ခိုက်ခဲ့တာပါ။
တိုက်ပွဲနဲ့ပတ်သက်လို့ ကရင်ပြည်နယ် စစ်ကောင်စီ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်ကို RFA က ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိသေးပါဘူး။
စစ်ကောင်စီရဲ့ ခလရ ၃၂ ၊အမှတ် ၁ ဗျူဟာကုန်းနဲ့ ခလရ ၂၈၄ တို့ကနေ အနီးတဝိုက်က ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့တွေ မြို့ထဲလှည့်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတယ်လို့ စောစောက ဒေသခံက ပြောပါတယ်။
“မြို့ထဲမှာ ဖြတ်သွားဖြတ်လာတွေကိုပစ်တယ်။ အပစ်ကတော့ရပ်ထားတယ်။ လူသွားလူလာတွေကိုတော့ လှမ်းပစ်တယ် ရဲစခန်းဝင်စီးတယ်။ ထွေအုပ်ဝင်စီးတယ်။ ထွေအုပ်မှာက ပျူတွေရှိတယ်။ အယောက် ၂၀ လောက်ရှိတယ်”
ပြီးခဲ့တဲ့ မေလ ၂၅ ရက်ကနေ အခု ဇွန် ၂ ရက်အထိ မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး၊ သံဖြူဇရပ်၊ ဘုရားသုံးဆူလမ်းတွေဘက်မှာ စစ်တပ်က တာဝေးပစ် ၁၂၀ မမ နဲ့ပစ်ခတ် တိုက်ခိုက်တာကြောင့် အရပ်သားတွေ သေဆုံး ထိခိုက်ဒဏ်ရာရတာ၊ အိမ်တွေနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေ ထိခိုက်ပျက်စီးတာ များတယ်လို့ KNU တပ်မဟာ ၆ က ထုတ်ပြန်ထားပါတယ်။