သထုံက ကျန်းမာရေးစစ်ဆေးတဲ့ဂိတ် KNU ပြန်လည်ရုပ်သိမ်း

နေမျိုးထွန်း
2020.05.02

ကရင်အမျိုးသားအစည်းအရုံး KNU က သထုံခရိုင် သထုံမြို့နယ် ထောင်မှူးကျေးရွာအုပ်စု ဈေးမသွယ်ကျေးရွာမှာ ဖွင့်ထားတဲ့ ကျန်းမာရေးစစ်ဆေးရေးဂိတ် တစ်ခုကို အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရဲ့ ညွှန်ကြားချက်အရဆိုပြီး ဖျက်သိမ်းဖို့ ဒုတပ်ရင်းမှူး ဗိုလ်မှူး အောင်ကိုကိုက အကြိမ်ကြိမ် ပြောဆိုလာတာကြောင့် ဧပြီ ၂၈ ရက်နေ့က ဖျက်သိမ်းလိုက်တယ်လို့ သထုံခရိုင် KNU အထွေထွေတွင်းရေးမှူး ပဒိုစောစိုးမြင့်က ပြောပါတယ်။

“ဗိုလ်မှူး အောင်ကိုကိုကနေပြီး ကျွန်တော်တို့ကို တိုင်းနဲ့ တပ်နယ်မှူးက သူ့ကိုပြောခိုင်းလို့ ကျွန်တော်တို့ကို လာပြောတယ်။ ခင်ဗျားတို့ ဖျက်ပေးရမယ်၊ လုပ်လို့မရတော့ဘူးဆိုတော့ ကျွန်တော်တို့ စိတ်မကောင်းဘူးပေါ့နော်။ အခုချိန်မှာဆိုလို့ရှိရင် ပြည်ပက ပြန်လာသူတွေအတွက်လည်း စိုးရိမ်တယ်၊ ပြည်တွင်းနေသူတွေအတွက်လည်း စိုးရိမ်တယ်။ စောင့်ကြည့် ကန့်သတ်ဖို့အတွက်လည်း နေရာတွေ လုပ်ထားပေးတယ်။ အဲဒီမှာ တပ်အမိန့်နဲ့ ထပ်ခါထပ်ခါ ပြေလာတဲ့အခါကျတော့ ဆက်လုပ်နေမယ်ဆိုလို့ရှိရင် ဆိုးကျိုးတွေ ဖြစ်လာမှာစိုးရိမ်လို့ ဖျက်ပေးလိုက်တယ်”


အဲဒီဂိတ်ဟာ KNU ဆေးဘက်ဆိုင်ရာက ဦးဆောင်မှုနဲ့ ဒေသခံရပ်မိရပ်ဖ၊ လူငယ်တွေ ပူးပေါင်းပြီး လမ်းသွားလမ်းလာတွေကို ကျန်းမာရေးစစ်ဆေးတာ၊ လက်ဆေးခိုင်းတာ၊ နှာခေါင်းစည်းတွေ တပ်ဆင်ခိုင်းတာနဲ့ လူအဝင်အထွက်စာရင်းတွေကို ကောက်ယူမေးမြန်းတာတွေ လုပ်ဆောင်နေတာလို့ ဆိုပါတယ်။

အဲဒီ ဂိတ်ဖွင့်ထားတဲ့ နေရာဟာ KNU ရဲ့ နယ်မြေသတ်မှတ်ချက်အရ သထုံခရိုင် တပ်မဟာ ၁ နယ်မြေအဖြစ် သတ်မှတ်ထားသလို အစိုးရအုပ်ချုပ်ရေးအရ မွန်ပြည်နယ်၊ သထုံမြို့နယ်ထဲမှာ ပါဝင်နေတာကြောင့် နှစ်ဘက်စလုံး ရောနှောအုပ်ချုပ်တဲ့ နေရာဖြစ်တယ်လို့လည်း သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် တုံ့ပြန်ကာကွယ်မှုတွေ လုပ်နေတဲ့အချိန်မှာ အခုလို တားမြစ်မှုတွေ၊ တင်းမာမှုတွေ မရှိသင့်ဘူးလို့ ကရင်လူ့အခွင့်အရေးအဖွဲ့ စီမံကိန်းဒါရိုက်တာ နော်ထူးထူးက ပြောပါတယ်။

“ကိုရိုနာဗိုင်းရပ်စ် Respond လုပ်တဲ့အချိန်မှာ လိုအပ်နေတဲ့နေရာပိုင်းမှာ ထောက်ပံ့ပေးတာတွေ၊ မပြည့်စုံတဲ့ နေရာမှာ ပြည့်စုံအောင်လုပ်ပေးတာတွေ၊ နောက်တော့ အဲဒီနေရာက နှစ်ဘက်ရောနှော အုပ်ချုပ်တဲ့ နယ်မြေဆိုတော့ KNU ဘက်က သူတို့ တပိုင်တနိုင် လုပ်သင့်တဲ့ဟာကို လုပ်သွားတယ်ပေါ့နော် ဒါဟာ ကောင်းတယ်လို့ ကျွန်မတို့မြင်တယ်။ ရွာသူရွာသားတွေအတွက် ကောင်းတယ်။ အခုလိုမျိုး တားမြစ်တာတွေ၊ တင်းမာမှုတွေ ဖြစ်လာရမယ့် အချိန်အခါ မဟုတ်ဘူးလို့ ကျွန်မတို့ထင်တယ်။”

အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဗိုလ်မှူးကြီး မောင်မောင်လတ်ကတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) မှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းဟာ ကျန်းမာရေးလုပ်ငန်းတွေကို အစိုးရနဲ့ ညှိနှိုင်းပြီး လုပ်ဆောင်နိုင်တယ်လို့  ပြောပါတယ်။

“ဖျက်သိမ်းခိုင်းတာလည်း မဟုတ်ဘူးဗျ။ လက်နက်ကိုင်အဖွဲ့တွေ ပါလာတဲ့အခါကြတော့ ကျွန်တော်တို့ NCA မှာပါတဲ့ လက်နက်ကိုင်ဆောင်ခွင့် မရှိဘူး၊ ယူနီဖောင်းနဲ့ ဝင်ခွင့်မရှိတဲ့ နေရာတွေကို သူတို့က ဝင်လာတယ်။ ဒီကျန်းမာရေး လုပ်ဆောင်မှုတွေက အစိုးရကို ခွင့်ပြုချက်တင်ရမယ်။ အစိုးရရဲ့ ခွင့်ပြုချက်ရမှ လုပ်သင့်တဲ့ အရာတွေဖြစ်ပါတယ်။ တကယ်လို့ သူတို့ လုပ်ချင်တယ်ဆိုရင် နယ်မြေခံတပ်တွေကို အကြောင်းကြား၊ အစိုးရကို ခွင့်ပြုချက်ယူပြီးရင် လုပ်လို့ရပါတယ်ဗျ။”


တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အခြေပြုရာ ဒေသတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ် ကုသရေးကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ညှိနှိုင်းပူးပေါင်းရေး ကော်မတီကို ဧပြီလ ၂၇ ရက်နေ့က သမ္မတရုံးက ဖွဲ့စည်းထားပါတယ်။

အဲဒီကော်မတီရဲ့ လုပ်ငန်းတာဝန်တွေကတော့ သတင်းအချက်အလက်တွေ ဖလှယ်တာ၊ နယ်စပ်က ဝင်လာသူတွေကို စစ်ဆေးတာ၊ စောင့်ကြည့်တာ တိုင်းရင်းသားဒေသတွေမှာ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အရေးပေးဆောင်ရွက်ရေး ကိစ္စတွေ ပေါ်လာရင် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ ပူးပေါင်းဆောင်ရွက်ဖို့ ဆိုတာတွေ ပါဝင်ပါတယ်။

လက်ရှိ KNU က လုပ်ဆောင်နေတဲ့ ကျန်းမာရေးစစ်ဆေးဂိတ် အရေအတွက် ဘယ်လောက်ရှိတယ် ဆိုတာကိုတော့ KNU ဘက်က တိတိကျကျ ပြောဆိုတာမရှိပါဘူး။

ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာနနဲ့ UNICEF တို့ ပူးပေါင်းပြီး မွန်ပြည်နယ် သထုံခရိုင်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် သထုံမြို့နယ်မှာ ၁၃ နေရာ၊ ဘီးလင်းမြို့နယ်မှာ ၁၁ နေရာနဲ့ ပေါင်မြို့နယ်မှာ ၁၆ နေရာ စုစုပေါင်း နေရာ ၄၀ မှာ အသိပညာပေး ဆောင်ရွက်နေတယ်လို့ ဧပြီလ ၁၀ ရက်နေ့က နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။