ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို လွှတ်တော်က ကူညီအားပေးဖို့ KNU တိုက်တွန်း


2014.06.05
knu-ushweman-305.jpg KNU ဥက္ကဌ ဗိုလ်ချုပ် စောမူတူးစေးဖော ဦးဆောင်တဲ့ KNU ခေါင်းဆောင်တွေဟာ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနဲ့ ဇွန်လ ၅ ရက်နေ့ က နေပြည်တော်၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင် မှာ တွေ့ဆုံခဲ့ပါတယ်။
Photo: Myo Thant Khaing/RFA

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ခေါင်းဆောင်တွေ ဟာ ဒီနေ့ နေပြည်တော် ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်မှာ ပထမဆုံးအကြိမ်  တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပြည်ထောင်စု လွှတ်တော်က ပါဝင်ထောက်ခံဖို့ အဓိကထား ဆွေးနွေး ခဲ့ကြတာဖြစ်ကြောင်း KNU ကိုယ်စားလှယ်အဖွဲ့မှာ ပါတဲ့ ကေအင်ယူ ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင် က ပြောပါတယ်။

"ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်မှာ လွှတ်တော် အနေနဲ့ နိုင်ငံရေးအနေနဲ့ ပူးပေါင်းပါဝင်ထောက်ခံပေးဖို့ ကျနော်တို့ တစ်ဦးနဲ့တစ်ဦး ရှေ့ဆက်ပြီးတော့ ပူးပေါင်းဆောင်ရွက်သွားဖို့အတွက် လာပြီးတော့ မိတ်ဆက်တင်ပြတာဖြစ်ပါတယ်၊ ကျနော်တို့ဘက်က စဉ်းစားတာက တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးကို ကျနော်တို့ ပထမဦးဆုံးလုပ်မယ်၊ ပြီးလို့ရှိရင် သမ္မတကြီးပြောကြားတဲ့အတိုင်း နိုင်ငံရေး တွေ့ ဆုံဆွေးနွေးမှုကို ကျနော်တို့လုပ်မယ်၊ တွေ့ ဆုံဆွေးနွေးမှု လုပ်ပြီးနောက်ပိုင်းမှာ ဒီတိုင်းပြည်မှာ ပါဝင်ပတ်သက်တဲ့ အင်အားစုတွေအားလုံး၊ ခေါင်းဆောင်တွေ အားလုံး တိုင်းရင်းသား ညီလာခံလို့ပဲပြောပြော၊ ပင်လုံညီလာခံလို့ပဲပြောပြော အဲ့မှာမျက်နှာစုံညီ ဖြေရှင်းမယ်ဆိုလို့ ရှိရင် ကျနော်တို့တိုင်းပြည်မှာ ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေ အခက်အခဲတွေ၊ တိုင်းပြည်ရဲ့ အခက်အခဲတွေမှန်သမျှ ကျနော်တို့ ပူးပေါင်းဆောင်ရွက်လို့ရှိရင် မရစရာမရှိဘူးလို့ ကျနော်တို့ကယုံကြည်တယ်"

KNU ဥက္ကဌ စောမူတူးစေးဖိုး ဦးဆောင်တဲ့ KNU ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သမ္မတဦးသိန်းစိန်တို့ကို သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

မြန်မာစစ်တပ်အကြီးအကဲနဲ့ KNU ခေါင်းဆောင်တွေ မျက်နှာချင်းဆိုင်တေ့ွဆုံတာဟာ မနေ့က တွေ့ဆုံပွဲအပါအဝင် စုစုပေါင်း ၆ ကြိမ်ရှိခဲ့ပြီဖြစ်ပေမယ့် ပြည်ထောင်စုလွှတ်တော် နာယကနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်သူ သူရဦးရွှေမန်းနဲ့ တွေ့ဆုံတာကတော့ ဒီကနေ့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲမှာပါဝင်တဲ့ KNU ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာကိုလည်း တဆက်ထဲနားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။